ဖယ်ခုံတွင် ၂ လအတွင်း အရာရှိများအပါအဝင် စစ်ကောင်စီတပ်သား ၄၆ ဦး သေဆုံးဟုဆို

By ဂျူချန်း (မဇ္ဈိမ)
14 July 2023
ဖယ်ခုံတွင် ၂ လအတွင်း အရာရှိများအပါအဝင် စစ်ကောင်စီတပ်သား ၄၆ ဦး သေဆုံးဟုဆို
ဓါတ်ပုံ-ဖယ်ခုံတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်များ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာနှင့် စက်တော်ကျေးရွာတွင် ဇွန်လနှင့် ဇူလိုင်လ ၁၃ ရက်နေ့အထိ တိုက်ပွဲများတွင် အရာရှိများအပါအဝင် စစ်ကောင်စီတပ်သား ၄၆ ဦး သေဆုံးခဲ့ကြောင်း ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ သိရသည်။

“ဗိုလ်အဆင့်တွေ လည်းပါတယ်၊ များသောအားဖြင့် တပ်ကြပ်ကြီးတွေ နဲ့ ရဲဘော် များတာပေါ့။ ကျနော်တို့ဘက်မှာ ပြောက်ကျား ကစားတာပေါ့နော်။ သူတို့ကို တစ်ယောက်ရရ နှစ်ယောက်ရရ ခြွေပြီးတိုက်တာပေါ့” ဟု KRU ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၃ရက်နေ့မှ ၁၃ ရက်နေ့အတွင်းတွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုနှင့် စက်တော် ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထို ၁၀ ရက်တာတိုက်ပွဲအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်သား ၂၇ဦး သေဆုံးခဲ့ကြောင်း KRU မှ ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇွန်လ ၁၄ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ ဦး ထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း KRU မှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်သားများ၏ သေဆုံးမှုစာရင်းများကို မျက်မြင်တွေ့ရှိရသည့် အလောင်းများနှင့် ကောက်ယူရရှိထားသည့် လက်နက်များဖြင့် အတည်ပြုထားခြင်းဖြစ်ကြောင်း KRU ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျနော်တို့ လက်နက်ကောက်တဲ့အချိန်မှာ သိတာပေါ့နော်။ တချို့လက်နက်တွေတော့ သူတို့ ပြန်ယူသွားတာရှိတယ်။ အလောင်းတော့ သူတို့ မသယ်ဘူးပေါ့နော်။ သေနတ်တွေတော့ သယ်သွားတယ်။ တချို့ ဗုံးသီးတွေ ကျည်ဘောက်တွေတော့ ထားခဲ့တာပေါ့လေ၊ သယ်လို့ရတာတွေပြန်သယ်သွားကြတယ်၊ အလောင်းတော့မသယ်ဘူး။ အဓိကက ကျန်တဲ့ သေနတ်တွေယူတဲ့အချိန်မှာ အလောင်းတွေကို အတည်ပြုလို့ရတာပေါ့” ဟု KRU ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

ထိုတိုက်ပွဲများတွင် MA2 သေနတ်တစ်လက်၊ MA3 သေနတ်နှစ်လက်၊MG3 ငါးကြင်းမြီး တစ်လက်၊ တင့်ဖျက်မိုင်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထိတွေ့တိုက်ပွဲများတွင် ဖယ်ခုံမြို့အခြေစိုက် စကခ(၇)နှင့် ခမရ(၃၃၆) တပ်တို့မှ လက်နက်ကြီးပစ်ကူများပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ရာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ တတိယအပတ်မှ စတင်ကာ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးလာပြီး တော်လှန်ရေးပူးပေါင်းတပ်များဖြစ်သည့် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)၊ KNDF၊ ဖယ်ခုံPDF တပ်ရင်း(၁၀၀၂)၊ Loikaw PDF၊ ဒီးမော့ဆိုPDF၊ မိုးဗြဲPDF ၊ အလယ်ပိုင်းတိုင်းအထူးတပ်ဖွဲ့ တို့နှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့မှ မေလ ၂၇ ရက်နေ့အတွင်း ဖယ်ခုံတိုက်ပွဲများတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၆၂ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်သား သုံးဦးကျဆုံးကြောင်း KRU မှ ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖယ်ခုံအနောက်ခြမ်းတွင် သုံးလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်းရန်လိုအပ်သဖြင့် KRU မှ “မြေပြင်အတွက်ကျည်တစ်သောင်း” ကမ်ပိန်းကို မနက်ဖြန် ဇူလိုင် ၅ ရက်နေ့မှ စတင်ကာ ပြုလုပ်ရန်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly