နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ ဇူလိုင် ၂၀၂၃)

By မဇ္ဈိမ 
12 July 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    ဥပဒေရုံး ဖွဲ့စည်းတည်ထောင်ထားသည့် မြို့နယ်များတွင် ရှိသည့် မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ) များ၊ ဥပဒေ တာဝန်ခံများ နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ တရားရေး ဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နှင့် အရာတော်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းက ပြည်သူများကို သတ်ဖြတ်ခဲ့မှု နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
•    အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဉ်းကျခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး “ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးပွဲများကို ထောက်ခံမည်”ဟု ပြောကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောဆိုခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က "တရားမဝင်" ဟု ဧရာဝတီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    အကျဥ်းကျခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ စကားပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းက ဇူလိုင် ၉ ရက်က နေပြည်တော်ကို တိတ်တဆိတ် လာရောက်သည့် ခရီးစဉ်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဆိုပြီး ဂျပန်သတင်းဌာန ကျိုဒိုသတင်းဌာနတွင် ဖော်ပြထားသည်။
•    မြန်မာနိုင်ငံ ပဋိပက္ခကို ကူညီဖြေရှင်းရန် ရည်ရွယ်ထားသည့် ဘုံသဘောတူညီမှု ၅ ချက် အကောင်အထည်ဖော်ရေး ကိစ္စကို အဖွဲ့ဝင် နိုင်ငံများအကြား အကျေအလည် ဆွေးနွေး ခဲ့ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား အစိုးရက အတည်ပြု ပြောကြားခဲ့သည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၂ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ဇူလိုင် ၈ ရက်၊ နံနက် ၉ နာရီ ခန့်က အကြမ်းဖက်စစ်တပ် ၁၂ ဘီး ကား တစ်စီးကို မိုင်းဆွဲပြီး ကင်းပုန်းသားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Burma Rangers (Shwebo) တပ်ဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ နန်းတော်ရာအတွင်း တပ်စွဲထားသော စစ်တပ်ကို ဇူလိုင် ၁၁ ရက်၊ နံနက် ၁၁ နာရီခန့်တွင် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ဇူလိုင် ၁၁ ရက်၊ နံနက် ၁၁ နာရီခန့်တွင် လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂၃) တပ်ရင်း တာ၀န်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ် အတွင်း ကို ဇူလိုင် ၁၁ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး စစ်ဗိုလ် အဆင့်ရှိသူ အပါအဝင် ၉ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
•    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကန်ရင်းရွာကို ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    စစ်ကိုင်း - မုံရွာလမ်း၊ စစ်ကိုင်း - ရွှေဘိုလမ်းကို သတ်မှတ် အချိန်အတွင်းသာ အသုံးပြုကြရန် တော်လှန်ရေးအင်အားစုများက ယမန်နေ့က ထုတ်ပြန်လိုက်သည်။
•    ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အကြမ်းဖက်စစ်တပ် စစ်သင်္ဘော ၅ စီးက ရေစကြိုမြို့နယ် မြစ်ကမ်းဘေးက ကျေးရွာများကို ယနေ့ နံနက်ပိုင်းက ဒရုန်းများသုံးပြီး အီနာဂါ ဗုံးသီးများ ကြဲချသွားသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။
•    မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မြို့မ ရဲစခန်း နှင့် ကန်နီရွာရှိ ပျူစောထီးများကို ဇူလိုင် ၁၁ ရက်၊ ညနေ ၅ နာရီခွဲခန့်က မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Salingyi Special Task Force - SSTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွာသစ်ရွာ နှင့် တပ်ကုန်းရွာရှိ ပျူစောထီးများကို ဇူလိုင် ၁၁ ရက်၊ နံနက် ၅ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။
•    မကွေးတိုင်း ၊ မြိုင်မြို့ပေါ်က အကြမ်းဖက် မြို့မရဲစခန်းကို မောင်းသူမဲ့ လေယာဥ် နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၁ ဦးသေ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု မြိုင် ပကဖက ယနေ့ သတင်း ထုတ်ပြန်ထားသည်။
•    ပဲခူးတိုင်း၊ ဒိုက်ဦး ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ရာလေး (ဇ) ဇင်မြင့်ထွန်းကို ဇွန် ၂၇ ရက်က စစ်တပ်က ထောင်ပြောင်း မည်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု နတ်အိမ်တောင်ကျေး ရွာမှ စစ်ကောင်စီ ထောက်တိုင် ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင်များ ပိုင်ဆိုင်သော နေအိမ် လေးလုံး နှင့် ဥယျာဉ်ခြံ တစ်ခြံကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇူလိုင် ၁၁ ရက်က ပြည်သူပိုင်အဖြစ် သိမ်းဆည်း ချိပ်ပိတ်လိုက်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းထံမှ သိရသည်။
•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို ဇူလိုင် ၁၁ ရက်၊ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က တိုက်ခိုက်ခဲ့ရာ ယာဉ်များ ထိမှန်ခဲ့ပြီး လမ်းဘေးဝဲယာ နေအိမ်များကို လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု - KRF ထံမှ သိရသည်။
•    မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ ခြေမြန်တပ်ရင်းကို ဇူလိုင် ၁၁ ရက်၊ နံနက် ၆ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ရန်ကုန်မြို့မှ အလှူရှင်များ လှူဒါန်းပေးမှုဖြင့် ယနေ့ ဇူလိုင် ၁၂ ရက်တွင် ကျေးလက်မြေ အဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က မိုးကာများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
•    မြန်မာစစ်တပ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ နှင့် နိုင်ငံအဆင့် အကျင့်ပျက် ခြစား နေမှုများကို စဥ်ဆက်မပြတ် လေ့လာ ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က အိန္ဒိယနိုင်ငံ ၏ မြန်မာစစ်အုပ်စုအပေါ် စစ်လက်နက် ရောင်းချနေမှုများနှင့် ပတ်သက်ပြီး ပြင်သစ် သမ္မထံ ယမန်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ် နှင့် မူဆယ်မြို့တို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ သိရသည်။
•    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စစ်ကောင်စီ ကင်းစခန်းကို ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းကနေ နေ့လယ်ပိုင်းထိ ချင်းကာကွယ်ရေးတပ်ပေါင်းစု နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး ထိခိုက်ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF CDM SIYIN က သတင်းထုတ်ပြန်သည်။
•    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုစစ်ကောင်စီစခန်းကို ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းက KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်း အထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း KNLA တပ်မဟာ (၂) ထံမှ သတင်းရရှိသည်။
•    ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဇူလိုင် ၁၂ ရက်၊ နံနက်အစောပိုင်း ၁ နာရီခွဲခန့်က ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ကျောင်း၊ ဆေးခန်းနှင့် စစ်ဘေးရှောင်နေအိမ်များ ထိခိုက်ပျက် စီးခဲ့ကြောင်း Karenni National Youth Wrganization-KNYO ထံမှ သိရသည်။
စစ်ကောင်စီ
•    မြန်မာ စစ်တပ်အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် မည်သူ တရားပျက်ပျက် ကိုယ်မပျက် သည့် စိတ်ဖြင့် ဆောင်ရွက်နေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင် လှိုင်က ဇူလိုင် ၁၀ ရက်တွင် ရသေ့တောင်၊ ဘူးသီးတောင်မြို့သို့ သွားရောက်သည့် ခရီးစဉ် အတွင်း ဘူးသီးတောင်မြို့၌ ပြုလုပ်ခဲ့သော စစ်ကောင်စီ လက်အောက်ခံ ဒေသဌာန ဆိုင်ရာနှင့် တပ်နယ်အရာရှိစစ်သည်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
•    ရခိုင်ပြည်နယ် ရောက်ရှိနေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နှင့် အဖွဲ့ဝင် များသည် ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းက စစ်တွေမြို့တွင် စတုဒိသာကျွေးမွေးလှူဒါန်းရန် ပြင်ဆင်ချက်ပြုတ်နေသည်ကို သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
•    အနာဂတ်တွင် သက်ကြီးရွယ်အို လူဦးရေများပြားလာမည် ဖြစ်သည့်အတွက် လူမှု ကာကွယ်ရေး စနစ် အားကောင်းလာစေရန် နှင့် သက်ကြီး ရွယ်အိုများ နှင့် သင့်တင့် လျောက်ပတ်သည့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို ကြိုတင်ပြင်ဆင်ထားရမည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ပြောသည်။
•    ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများနှင့် ပတ်သက်ပြီး ပြင်ဆင်မှုတက်ထားသည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာခဲ့သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကားပြီး One News သတင်းဌာနတွင် ဖော်ပြထားသည်။
•    စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် တွေ့ဆုံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ဆင်လိုသည့် အချက်များ နှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
•    စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ် အခြေ စိုက် နိုင်ငံရေးပါတီ သုံးခုကို ဇူလိုင် ၁၁ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမတွင် တွေ့ဆုံပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ နှင့် အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
•    စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ပြည်နယ် အတွင်းရှိ နိုင်ငံရေးပါတီများနှင့် ယမန်နေ့ ဇူလိုင် ၁၁ ရက်က ပြည်နယ် ကော်မရှင်ရုံးတွင် တွေ့ဆုံကာ ဥပဒေ၊ နည်းဥပဒေများ နှင့် အညီ ပါတီလုပ်ငန်းများဆောင်ရွက်ထားခြင်း ရှိမရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
•    စနစ်ဟောင်း နဝမတန်း(Grade 10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသားကျောင်းသူများ နှင့် စနစ် ဟောင်း Grade 11 တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူအားလုံးကို ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် စနစ်သစ် ဒွါဒသမတန်း/ Grade 12 တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။
ဇူလိုင် ၁၂ ရက် သုံးသပ်ချက်
•    ရှမ်းမြောက်တွင် စစ်ကောင်စီတပ် နှင့် အင်းအားကြီး တအောင်းလက်နက်ကိုင်အဖွဲ့အပါအဝင် KIA စစ်ရေး တင်းမာနေပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
•    စစ်ကောင်စီ နှင့်ထိုင်းအာဏာသိမ်းအစိုးရဝန်ကြီးတို့ လက်ဝါးချင်းရိုက်၍ ထိုင်းက အာဆီယံကို ကျော်ပြီး နိုင်ငံရေးပွဲစားလုပ် နေသော်လည်း ကျန်နိုင်ငံများမှ အာဆီယံ မူဘောင်များကို ကျော်လွန်ပြီး  အသိမှတ်ပြုမည်ဟုတ်ဟုဆိုရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required