ထိုင်းတွင် ပျောက်ဆုံး ဂျာမနီစီးပွားရေးလုပ်ငန်းရှင်၏ ရုပ်အလောင်း အပိုင်းအစများကို ရေခဲသေတ္တာအတွင်း တွေ့ရှိ

ထိုင်းတွင် ပျောက်ဆုံး ဂျာမနီစီးပွားရေးလုပ်ငန်းရှင်၏ ရုပ်အလောင်း အပိုင်းအစများကို ရေခဲသေတ္တာအတွင်း တွေ့ရှိ
A missing person announcement distributed by Hans-Peter Mack's family offering a reward for information on him. (Photo: Facebook)

သီတင်းပတ်ကြာ ပျောက်ဆုံးနေသော အသက် ၆၂ နှစ်အရွယ် ဂျာမနီစီးပွားရေးလုပ်ငန်းရှင်၏ ရုပ်အလောင်း အပိုင်းပိုင်း အပြတ်ပြတ်ကို ထိုင်းတောင်ပိုင်းရှိ အိမ်တစ်အိမ်ထဲက ရေခဲသေတ္တာအတွင်း တွေ့ရှိကြောင်း ရဲက ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

တနင်္လာနေ့ ည ၁၁ နာရီခန့်တွင် ဟန်-ပီတာ မတ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း နွန်ပရီမြို့ မြို့နယ်ရဲမှူး တာဝီကက်သာလန်းက ပြောသည်။

ယင်း ဧရိယာမှ လုံခြုံရေးကင်မရာ မြင်ကွင်းများကို အသုံးပြုပြီး အလောင်းရှိနေရာကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု တာဝီက ဆိုသည်။

မြို့နယ်ရဲမှူးက အသေးစိတ် မဆိုသော်လည်း ထိုင်းမီဒီယာများတွင် အနက်ရောင် ကုန်ကား၏ ကြမ်းပြင်၌ အဖြူရောင် ရေခဲသေတ္တာရှိနေပြီး ယင်းဘေးတွင် လူတစ်ဦး ထိုင်နေသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဖော်ပြခဲ့သည်။

မတ်ကို ထိုင်းတောင်ပိုင်းက ကမ်းရိုးတန်း ပတ္တယားမြို့တွင် ၎င်း၏ မာစီဒီးကားအား မောင်းနှင်သွားသည်ကို နောက်ဆုံး မြင်တွေ့ရခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုက ဖြန့်ဝေသည့် လူပျောက်ကြော်ငြာအရ သိရသည်။ မိသားစုအနေဖြင့် မတ်အား ပြန်တွေ့ရန် သတင်းပေးနိုင်လျှင် ဆုငွေ ဘတ် ၃ သန်း(အမေရိကန်ဒေါ်လာ ၈၆,၀၀၀) ချီးမြှင့်မည်ဟု ကမ်းလှမ်းထားသည်။

သတင်းပေးရန် ပိုစတာတွင် ဖော်ပြထားသော ဖုန်းနံပါတ်သို့ အင်္ဂါနေ့က ဆက်သွယ်ရာတွင် ပြန်လည်ဖြေဆိုခြင်း မရှိပေ။

မတ်သည် ပတ္တယား၌ ထိုင်းဇနီးနှင့်အတူ နေထိုင်ပြီး အိမ်ခြံမြေအကျိုးဆောင်အဖြစ် လုပ်ကိုင်ကြောင်း ဌာနေသတင်းများအရ သိရသည်။ ၎င်းသည် ထိုင်းတွင် အခြေချနေသည်မှာ နှစ်အတော်အတန် ကြာပြီဖြစ်သည်။

၎င်း၏ Mercedes E350 sedan ကားကို နွန်ပရီမြို့ ကွန်ဒိုမီနီယံတစ်ခု၏ ကားပါကင်၌ တနင်္ဂနွေနေ့က တွေ့ရှိခြင်း ဖြစ်သည်။

ကား၏ ထိုင်ခုံများ၊ ဒက်ရှ်ဘုတ်၊ စတီယာရင်နှင့် အခြားနေရာများတွင် တွေ့ရသော အညစ်အကြေး သန့်ရှင်းသည့် ဆေးရည်ဖြစ်ဟန်ရှိသည့်အရာကို တွေ့ရကြောင်း ရဲက ပြောသည်။

ရာဇဝတ်မှုဖြင့် ဆက်နွယ်နိုင်သည်ဟု ရဲက ယူဆသော မတ်၏ ဘဏ်အကောင့်မှ ငွေကြေးမြောက်မြားစွာ ပျောက်ဆုံးနေပြီး တာဝီက ပြောသည်။ အသေးစိတ်ပြောရန် တာဝီက ငြင်းဆန်သော်လည်း ၎င်းတို့အနေဖြင့် ဂျာမနီနိုင်ငံသားရော ထိုင်းနိုင်ငံသားပါ ပါသည့် သံသယရှိသူအချို့ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။

ဘန်ကောက်ရှိ ဂျာမနီသံရုံးက တယ်လီဖုန်း ပြန်လည် မဖြေကြားသကဲ့သို့ အီးမေးလ်ဖြင့် မေးမြန်းမှုကိုလည်း တုံ့ပြန်ခြင်း မရှိပေ။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly