ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ဘေးရှောင်ပြည်သူ ၅၉၉၄၀၀ဦး အထိရှိလာပြီဖြစ်တယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ် နယ်မြေတပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ဘေးဒုက္ခသည် ဦးရေ များလာနေပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ စစ်ဘေးဒုက္ခသည် သုံးသိန်းခြောက်သောင်းရှိခဲ့ရာကနေ ၆သိန်းခန့်အထိ တိုးလာတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကထက် အခု ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲ ပိုပြီးများလာနေပြီး နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးလာခဲ့ကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွေထဲမှာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ ခြောက်လအတွင်း တိုက်ပွဲပေါင်း ၂၅၀၀ နီးပါး (၂၄၉၅ ကြိမ်) ဖြစ်ပွားခဲ့တယ် လို့ KNU က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအများအပြား ခိုလှုံနေတဲ့အတွက် စစ်ကောင်စီတပ်က စစ်ရေး အရ ပစ်မှတ်ထားဖိအားပေးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။