မယ်စဲ့မြို့နယ် တောအတွင်းသို့ ထပ်မံတိမ်းရှောင်လာရသည့် စစ်ဘေးရှောင် ၂,၀၀၀ ခန့်အတွက် အရေး ပေါ် အမိုးအကာများ လိုအပ်နေ

By ဂျူချန်း (မဇ္ဈိမ)
09 July 2023
မယ်စဲ့မြို့နယ် တောအတွင်းသို့ ထပ်မံတိမ်းရှောင်လာရသည့် စစ်ဘေးရှောင် ၂,၀၀၀ ခန့်အတွက် အရေး ပေါ် အမိုးအကာများ လိုအပ်နေ
ဓါတ်ပုံ-Olive Branch For East Thanlyin, Tun Myanmar Donation

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာအနီး တောအတွင်းသို့ ဘော်လခဲမြို့နယ်မှ ဒေသခံ ၂,၀၀၀ ခန့် ထပ်မံတိမ်းရှောင်လာရကာ အမိုးအကာနှင့် ခြင်ထောင်များ အရေးပေါ် လိုအပ်လျက်ရှိ ကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“ဒီနှစ်ရက်၊ သုံးရက်မှာမှ ရှောင်လာကြတဲ့ အဖွဲ့တွေပါ။ တောထဲ သစ်ပင်တွေအောက်မှာ နေ နေကြရတော့ အမိုးအကာ အရေးပေါ်လိုအပ်တယ်ဗျ။ ပြီးတော့ ဖြုတ်တွေတအားကိုက်တာ။ ခြင်ထောင်မဟုတ်ဘူးဆို ရင်တောင် ခြင်ဆေးပေါ့ အဲဒီနှစ်မျိုး အဓိကလိုအပ်တယ်။ စားနပ်ရိက္ခာကတော့ တပတ်စာလောက်ပါလာ ကြတယ်။ တပတ်ကျော်ရင်တော့ စားနပ်ရိက္ခာပြတ်ပါပြီ” ဟု စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေ သည့် ဦးဖိုးဇော်ကမဇ္ဈိမကို ပြောသည်။

မယ်စဲ့သည် ငှက်ဖျားအဖြစ်များသည့်ဒေသဖြစ်သောကြောင့် ခြင်ထောင်၊ ခြင်ဆေးနှင့် ဆေးဝါးများလည်း အဓိက လိုအပ်နေပြီး မိုးတွင်းကာလဖြစ်၍ အမိုးအကာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် ဘော်လခဲ၊ ဖားဆောင်း၊ ရွာသစ်နှင့် မယ်စဲ့မြို့နယ်တို့၌ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံများအနေဖြင့် စစ်ဘေးလွတ်ကင်းနိုင်မည့် လွိုင်ကော်မြို့နယ်၊ မော်ချီးဒေသ၊ မယ်စဲ့မြို့နယ်၊ ကျောက်စုရွာဘက်နှင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

“ထိုင်းနဲ့ကပ်နေတဲ့ BP14 ဘက်ကို ထွက်ပြေးမယ်ဆိုရင်တော့ ဟိုဘက်က အကူအညီရလိမ့်မယ်။ သို့သော် မော်ချီးဘက်ရောက်သွားတဲ့အဖွဲ့တွေကတော့ တော်တော်ဒုက္ခရောက်လိမ့်မယ်။ အဲဒီမှာလည်း စစ်ရှောင် ၅,၀၀၀ လောက်ရှိမယ်။ ကျောက်စုကတော့ အလှူရှင်လုံးဝကို မရှိတာ။ သွားလို့လည်းမရဘူး။ ကလေး တွေတော့ အများဆုံးပဲ” ဟု ဦးဖိုးဇော်က ပြောသည်။

ကောက်ယူရရှိထားသည့် စာရင်းများအရ ဘော်လခဲမြို့နယ် ရေကျော်ချောင်း၊ နန်းမဆွပ်၊ လွိုင်ဟူးဟန်း၊ ပန်မခူ၊ ဟွေပါဆူ၊ ထွန်းယောင်း၊ နတ်စင်၊ နမ့်ဟူး၊ နန့်ပိန့်လိင်၊ စုကျက်ချောင်း၊ ဆွတ်ဖ စသည့် ကျေးရွာ များမှ ဒေသခံ ၁,၉၃၀ ဦး သည် မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာ တောအတွင်းသို့ စစ်ဘေးတိမ်းရှောင် လာရကာ ထိုအထဲတွင် အမျိုးသမီး ၉၂၅ ဦး နှင့် သံဃာငါးပါးပါဝင်ပြီး စစ်ရှောင်အရေအတွက်သည် ဆက် လက်တိုးလာနေဆဲဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ခြမ်းရှိ မယ်စဲ့၊ ဖားဆောင်း၊ ဘော်လခဲနှင့် ရွာသစ်မြို့များတွင် ပြီးခဲ့ သည့် ဇွန်လလယ်ပိုင်းမှစတင်ကာ စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly