ကံပေါက်ဒေသမှ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

By ကိုရွှေမြိတ်(မဇ္ဈိမ)
07 July 2023
ကံပေါက်ဒေသမှ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် (၆၁) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြသည်။

ဒေသခံတော်လှန်ရေးအင်အားစုဝင် လူငယ်များက စစ်အာဏာရှင်တော်လှန်ရေးဆန့်ကျင်သည့် လှုပ်ရှားမှုဖြစ်သော လက်သုံးချောင်းထောင်ခြင်းနှင့် အခြားသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်ဟု
 ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိန်ကော်မတီ - Democracy Movement Strike Committee-Dawei က သတင်းထုတ်ပြန်ထားသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့တွင်  ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော  တော်လှန်ရေးကောင်စီကိုဆန္ဒပြကြသည့် ကျောင်းသားကျောင်းသူများအား  စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ နောက်တနေ့ ဇူလိုင်လ ၈ရက်တွင် ရန်ကုန်တက္ကသိုလ်ဝန်းထဲရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးကို စစ်တပ်က ဗုံးခွဲဖျက်ဆီးခဲ့သည်။ ထိုဖြစ်ရပ်ကို ကျောင်းသားမျိုးဆက်များက  နည်းမျိုးစုံဖြင့်ကန့်ကွက်ဆန္ဒပြခဲ့ပြီး ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ပြုလုပ်ခဲ့ကြသည်။ ယနေ့သည် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် (၆၁)နှစ်မြောက်ခဲ့ပြီဖြစ်သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required