ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စစ်ကောင်စီ အထိုင်တပ်စခန်းနှင့် ဂိတ်စခန်းများကို တပတ် တိုင်တိုင် ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ( SOF) တာဝန်ခံထံက သိရသည်။
ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ စစ်ကောင်စီဂိတ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃)၊ ခုတ်ခွားစစ်ကောင်စီစခန်း၊ ခလယ် တံခွန်တိုင်ကျေးရွာရှိ ရဲစခန်တို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
ခလရ (၂၈၃) အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများတွင် ဆက်သွယ် ရေးလှိုင်းဖြတ်တောက်နိုင်သည့် ဂျန်မာ(Jammer) တပ်ဆင်ထားပြီး သွားရောက်တိုက်ခိုက်စဉ် ဒရုန်းပျက် ကျမှုများရှိကြောင်း သိရသည်။
“ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် ၅ ရက် အထိ ၈၁ မမဗုံးသီး၊ ၆၀ မမ ဗုံးသီးတွေ၊ လက်နက်ကြီးတွေ အသုံး ပြုပြီး နေ့စဉ်အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမ ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ SOF ၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပတ်တာအတွင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်စခန်းအချို့ပျက်စီးခဲ့ပြီး မုဒုံမြို့နယ်၊ အဘစ် အခြေစိုက် အမတ(၃၁၈)မှ စစ်ဗိုလ်တဦးနှင့် စစ်သားတဦး သေဆုံးခဲ့ကာ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“သူတို့ဘက်က သေတာကတော့ ဇူလိုင်လ ၁ ရက်နေ့ တိုက်ခိုက်မှုမှာ တယောက်သေတယ်။ ဇူလိုင်လ ၃ ရက်နေ့ တိုက်ခိုက်မှုမှာ တယောက်သေတယ်” ဟု ကိုအောင်စံရှားက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ၆၀ မမ ၊ ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ