အိန္ဒိယအား ကလေးများအပေါ်  စစ်ပွဲများ သက်ရောက်စေသည့် နိုင်ငံများစာရင်းမှ ကုလသမဂ္ဂ ဖယ်ရှား 

အိန္ဒိယအား ကလေးများအပေါ်  စစ်ပွဲများ သက်ရောက်စေသည့် နိုင်ငံများစာရင်းမှ ကုလသမဂ္ဂ ဖယ်ရှား 

အစိုးရက ကလေးများအား ကာကွယ်စောင့်‌ရှောက်မှု တိုးတက်လာခြင်းကြောင့် ‘ကလေးများအပေါ် စစ်ပွဲများ သက်ရောက်မှု’ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ကုလသဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အိန္ဒိယနိုင်ငံအား ဖယ်ရှားလိုက်သလို ကလေးများအား ကာကွယ်စောင့်ရှောက်မှု အားကောင်းစေသည့် အိန္ဒိယ လုပ်ငန်းစဉ်များအပေါ်လည်း အသိအမှတ်ပြုလိုက်သည်။  

အိန္ဒိယသည် အဆိုပါ နိုင်ငံများစာရင်းတွင် ၂၀၁၀ ပြည့်နှစ်မှစ၍ အနောက်အာဖရိကတိုက်ရှိ ဘာကီနာဖာဆို၊ ကင်မရွန်၊ အာဖရိကရှိ ချက်ဘက်ဇင်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်တို့နှင့်အတူ ပါဝင်ခဲ့သည်။ 

‌ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် လက်နက်ကိုင်အုပ်စုများက ယောက်ျားလေးများကို ၎င်းတို့အဖွဲ့အတွင်း ထည့်သွင်းခြင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်သည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့ကို ဖမ်းဆီးခြင်းတို့ကြောင့် အိန္ဒိယအား အဆိုပါ နိုင်ငံများစာရင်းသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ 

ကုလအတွင်းရေးမှူးချုပ်က အိန္ဒိယအစိုးရအနေဖြင့် သူ၏အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကြောင့် ကလေးများအတွက် စိုးရိမ်ရသည့်နိုင်ငံများစာရင်းမှ ဖယ်ရှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဂူတာရက်စ်က ယမန်နှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။  

ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့် ‘၂၀၂၃ ခုနှစ်အတွက် ကလေးများနှင့် လက်နက်ကိုင်တိုက်ပွဲများ’ အစီရင်ခံစာတွင် အိန္ဒိယအစိုးရအနေဖြင့် ကုလသမဂ္ဂပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၌ ကျင်းပခဲ့ခြင်းကိုလည်း ဂူတာရက်စ်က အသိအမှတ်ပြု ဖော်ပြခဲ့သည်။  

ကုလအတွင်းရေးမှူးချုပ်၏ ကလေးငယ်များနှင့် လက်နက်ကိုင် တိုက်ပွဲများဆိုင်ရာ အထူးကိုယ်စားလှယ် ဗာဂျီနီရာဂမ်ဘာက အိန္ဒိယအစိုးရအနေဖြင့် ပြီးခဲ့သည့် ၂ နှစ်အတွင်း ကုလသမဂ္ဂနှင့် နီးကပ်စွာပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းသည် ကလေးများကို ကာကွယ်ရေးအတွက် ကတိကဝတ်ကို ပြသခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

‌ကုလသမဂ္ဂ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် ကလေးများအပေါ် ဆိုးရွားသည့် ချိုးဖောက်မှု ၂၇၁၈၀ ကြိမ်ရှိခဲ့သည့်အနက် ၂၀၂၂ ခုနှစ်တွင် ကျူးလွန်မှု ၂၄၃၀၀ ကြိမ်ရှိခဲ့သလို ယခင်က ကျူးလွန်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် အတည်ပြုနိုင်ခဲ့သည့်အမှု ၂၈၈၀ ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားသည်။  

အဆိုပါ ကျူးလွန်မှုများတွင် ကလေးငယ် ၁၈၈၉၀ ကို ထိခိုက်စေခဲ့သည်။ ကလေးများ သတ်ဖြတ်ခံရမှု၊ ထိခိုက်ဒဏ်ရာရမှု၊ စစ်ပွဲများသို့ ထည့်သွင်းအသုံးချမှုနှင့် ဖမ်းဆီးခံရမှုများကို  အဆိုးရွားဆုံး ချိုးဖောက်ခံရမှုများအဖြစ် စာရင်းထည့်သွင်းခဲ့ခြင်း ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly