ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်အတွင်း ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးဟုဆို

By ရွှေနွယ်( မဇ္ဈိမ )
04 July 2023
ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်အတွင်း ၂ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးဟုဆို
Photo - ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုံဟောင်း)

ပဲခူးတိုင်းအ‌ရှေ့ခြမ်း၊ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား နှစ်ရက်ဆက်ဖြစ်ပွားသော တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးကြောင်း မြေပြင်တော်လှန်ရေးအင်အားစုများက‌ပြောသည်။

ဇူလိုင်လ ၂ရက် နေ့လည်က ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသော စစ်ကောင်စီတပ်ကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေး ဦးသေဆုံးပြီး  ရဲ နှစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရသွားသည်ဟု ၎င်းကပြောသည်။

"စစ်ကောင်စီဘက်က အင်အား ၆၀ လောက်ရှိတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လေး ဦးသေတယ်။ ရဲ နှစ် ဦးပေါင်ထိပြီး ကျောက်တံခါးဆေးရုံကိုပို့ထားရတယ်။ PDF ဘက်ကတော့ တစ်ဦးမစိုးရိမ်ရဒဏ်ရာရပါတယ်” ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်ကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်‌နေ့ဇူလိုင်လ ၃ ရက်ကလည်း ကျောက်တံခါးမြို့၊ ဖျံတလင်းရွာအထွက်တွင် လက်နက်ကြီးဆင်၍ ကျေးရွာများဘက်သို့ ထပ်မံပစ်ခတ်နေသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များကလည်း ထပ်မံတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေ။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်အရပ်သားပြည်သူ ရှစ် ဦးသေဆုံးခဲ့သည်။ထို့ပြင် ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ အများအပြားသည် စစ်ဘေးရှောင်နေကြရသည်ဟု သတင်းရရှိသည်။

ရေတာရှည်မြို့နယ်တွင်လည်း ဇူလိုင်လ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
 
"တိုက်ပွဲကြာချိန်က ၁ နာရီဝန်းကျင်ရှိလောက်ရှိမယ်ဗျ။ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်" ဟု ရေတာရှည်မြို့နယ် မြေပြင်သတင်းအရင်းမြစ်မှပြောသည်။ 

ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်အတွင်း အထက်ပါတိုက်ပွဲများတွင်စစ်ကောင်စီဘက်က ထိခိုက်မှုကို မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးပေ။ ထို့အပြင် ညောင်လေးပင်မြို့နယ်၌လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိကြောင်းလည်း သိရသည်။

ပဲခူးတ်ိုင်းအတွင်း ထိုသို့စစ်ရေးတင်းမာနေစဉ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲက ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းနှင့် ရန်ကုန် - မွန်ပြည်နယ်လမ်းပိုင်း၊ ရန်ကုန်-ကရင်ပြည်နယ်လမ်းပိုင်းအချို့အပါအဝင်   တောင်ပိုင်းတိုင်း စစ်ဒေသခွဲ၊ စစ်ဒေသခွဲအမှတ် (၂) အတွင်းရှိ အဓိကလမ်းပိုင်းများအား သွားလာခွင့်ကန့်သတ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။တောင်ပိုင်းတိုင်းစစ်ဒေသခွဲအတွင်း စစ်ရေးအရှိန်တိုးမြှင့်လာရန် ထိုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်းနှင့် "လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေး၏ တစိတ်တဒေသဖြစ်ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံကမဇ္ဈိမကိုပြောကြားထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required