မင်းဘူး၊ ဧပြီ ၁ ။ ။ ၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ မန်းရွှေစက်တော်ဘုရားပွဲတော်တွင် အာဏာပိုင်များ ၊ အုပ်ချုပ်ရေးအရာရှိများ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့နှင့်နီးစပ်သူများသာ တည်းနိုင်သည့် VIP တည်းကျောင်းများကို ဧပြီ ၁ရက်နေ့မှစ၍ အများပြည်သူတည်းခိုနိုင်သည့် နမ္မဒါအဆင့်မြင့် ဧည့်ရိပ်သာ အဖြစ်ပြောင်းလဲလိုက်သည်ကို တွေ့ရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို လူထုကဝေဖန်မှုများလာသည့်အပြင် လွှတ်တော်က ဖွဲကစည်းပေးထားသည့် ဘုရားပွဲတော် လေ့လာစောင့်ကြည့်ရေး ကော်မတီ၏ သုံးသပ်မှုများကြောင့် အများပြည်သူတည်းခိုနိုင်သည့် ဧည်ရိပ်သာအဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း နမ္မဒါအဆင့်မြင့်ဧည့်ရိပ်သာ တာဝန်ခံ ဂေါပကအဖွဲ့ဦးဝင်းမြင့်က ပြောသည်။
ယခုနှစ် VIP တည်းကျောင်းကို ဘုရားဘဏ္ဍာငွေ သိန်း၈၀၀ ကျော်အကုန်ကျခံ၍ ဂေါပကအဖွဲ့ကတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
တင်ဒါလုပ်ငန်းများ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လုပ်ပိုင်ခွင့်များကို နီးစပ်သူအားပေးခြင်း၊ အမှန်တကယ်လုပ်ကိုင်သူများက တဆင့်ခံဈေးကြီးပေးဝယ်ကာ လုပ်ကိုင်နေသည်ကိုတွေရကြောင်း၊ ပြဿနာအစမှာ ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အတွက် ဂေါပကအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာရေးကော်မတီ ဥက္ကဌဦးနေမျိုးကျော်က ဆိုထားသည်။
ဘုရားပွဲတော်ကျင်းပပြီးစီးပါက ဂေါပကအဖွဲ့အသစ်အား အရပ်သားများထဲမှ ရွေးချယ်ကာ ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဘုရားပွဲတော်လေ့လာရေးကော်မတီ ထံမှသိရသည်။
မန်းရွှေစက်တော်ဘုရားပွဲသည် ဘုရားဖူးများ၊လူစည်းကားသောနေ့များ၌ ဝါးတဲကျောင်းငှားရန်းခများ ကျပ်တစ်သိန်းအထိ အဆမတန် ဈေးများမြင့်တက်ခြင်းနှင့် လုပ်ငန်း၊လေလံ၊တင်ဒါကိစ္စများတွင် ဘုရားဖူးနှင့်ဒေသခံများအကြား နှစ်စဉ် ဝေဖန်မှု အမျိုးမျိုးရှိခဲ့သည့်အတွက် ဒုတိယအကြိမ်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန် အစည်းအဝေးပဉ္စမနေ့တွင် ဘုရားပွဲတော်ကို လေ့လာစောင့်ကြည့်ရန် ကော်မတီကို ဖွဲ့စည်းခဲ့သည်။