ပုပ္ပါးတောင်တွင်  ပုပ္ပါးမျောက်မြီးရှည်  စာရင်းကောက်ယူနေ

By KMN (မဇ္ဈိမ)
01 July 2023
ပုပ္ပါးတောင်တွင်  ပုပ္ပါးမျောက်မြီးရှည်  စာရင်းကောက်ယူနေ
Photo - Sai Ohkar Aung (မတ်လအတွင်း ပုပ္ပါးတောင်ဥယာဉ်တွင်တွေ့ရသည့် ပုပ္ပါးမျောက်မြီးရှည်) 

မန္တလေးတိုင်း၊ပုပ္ပါးတောင်မကြီးတစ်ဝိုက်တွင်  နေထိုင်ကျက်စားကြသည့် ပုပ္ပါးမျောက်မြီးရှည်အကောင်ရေစာရင်းကို ဇွန်လ နောက်ဆုံးပတ် အတွင်းက ဒေသခံတစ်ချို့နှင့်အတူစာရင်းကောက်ယူခဲ့ကြောင်း Natures of Popa Mountain Park  လူမူကွန်ရက်စာမျက်နှာတည်ထောင်သူက မဇ္ဈိမ ကိုပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှ ၂၃ ရက်အတွင်း ပုပ္ပါးတောင်ဥယာဉ်အတွင်း ပုပ္ပါးမျောက်မြီးရှည်အကောင်ရေစာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်သည်။

"ဝါသနာတူ သူငယ်ချင်းတွေနဲ့ အတူပုပ္ပါးမျောက်မြီးရှည် စာရင်းကောက်ယူခဲ့တာပါ။ အကောင်အတိအကျပြောဖို့တော့ ခက်ပါတယ်။ အရင်ကထက်စာရင်တော့ ပေါပေါများများတွေ့လာရတာပေါ့။ သူတို့ရဲ့စားကျက်တွေပိုပြီး ကျယ်ပြန့်လာတယ်" ဟုNatures of Popa Mountain Park လူမူကွန်ရက်စာမျက်နှာတည်ထောင်သူကဆိုသည်။

ပုပ္ပါးမျောက်မြီးရှည် အသိပညာပေး လေ့လာရေးခရီးစဉ် အဖြစ် ဇူလိူင်လ ၂ ရက်နေ့က မူလတန်းအရွယ် ကလေး ၁၅  ယောက်ဝန်းကျင်နှင့်အတူသွားရောက်ဖို့စီစဉ်ထားကြောင်း၎င်းကဆက်လက်ပြောကြားသည်။

ပုပ္ပါးမျောက်မြီးရှည်များအား မျောက်မျက်ကွင်းဖြူ၊ ပုပ္ပါးလန်ဂါ ဟုလည်းခေါ်ဆိုကြပြီး မြန်မာနိုင်ငံတွင်သာတွေ့ရသည့် မြန်မာ့မျိုးစိတ်အဖြစ် နိုင်ငံတကာအဖွဲ့များက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘာကိုကြေညာခဲ့သည်။

မြန်မာ့မျိုးစိတ်သစ်အဖြစ်တွေ့ရှိချိန်တွင် Critically Endangered Species (မျိုးသုဉ်းလုနီးပါး) အဆင့်ပါ ရောက်ရှိနေပြီး ခန့်မှန်းချေအားဖြင့် ကောင်ရေ ၂၅၀ ခန့်သာကျန်ရှိနိုင်ကြောင်း သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။

ပုပ္ပါးတောင်မကြီးတစ်ဝိုက်တွင် အများဆုံးနေထိုင်ကြသည့်အတွက်  ပုပ္ပါးမျောက်မြီးရှည်ဟုအမည်သတ်မှတ်ခဲ့ပြီး ပဲခူးရိုးမ၊ ရှမ်းပြည်နယ် ပန်းလောင် ပြဒါးလင်းဂူ၊ ကရင်ပြည်နယ်၊ရသေ့ပျံတောင်ဝန်းကျင် ရသေ့ပျံဂူ၊ စပါးဂူနှင့် အာလဝံ အင်းအနီးတွင်လည်း နေထိုင်ကျက်စားကြသည်။

၂၀၁၉ခုနှစ်၌ ကောက်ယူခဲ့သော စစ်တမ်းအရ ပုပ္ပားတောင်တွင် ကောင်ရေ ၁၁၁ ကောင်ခန့်၊ ရသေ့ပျံဂူတွင် ကောင်ရေ ၂၀မှ ၃၀ခန့်၊ ပဲခူးရိုးမတွင် ၂၂ကောင်ဝန်းကျင်ခန့်၊ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောတွင် ကောင်ရေ ၄၆ ကောင်မှ ၉၆ကောင်ခန့်ထိရှိနိုင်သည်။

ပုပ္ပါးမျောက်မြီးရှည်များသည် မျောက်ချေးခါးဟင်းအတွက် အမဲလိုက်ခံနေရပြီး  ဖမ်းဆီးသတ်ဖြတ်ရောင်းဝယ်ခြင်း၊ အတင်းအကျပ်ဖမ်းဆီးမွေးမြူခြင်းများကြောင့် အကောင်ရေ လျော့နည်းလာကာ မျိုးသုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း ထိန်းသိမ်းရေးအသိပညာပေးသူများကဆိုသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly