ကရင်နီပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရ

By ဂျူချန်း ၊ ရွှေနွယ် (မဇ္ဈိမ)
01 July 2023
ကရင်နီပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရ
ပုံဟောင်း -ချင်းပြည်နယ် ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်၊ ၂၀၂၂ မတ်လ ၂၉ ရက်နေ့ 10m

ကရင်နီပြည်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အနီးတွင် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက  စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) ဗဟိုကော်မတီ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“တိုက်ခိုက်ရေး လေယာဉ်ပါ။ ဒီမနက်ကတည်းက အတည်ပြုပြီးပြီ။ အသေးစိတ်ကိုတော့ နောက်မှ ထပ်အတည်ပြုပါမယ်” ဟု  ကလလတ ရဲဘော်လော်ရင်းစိုးက မဇ္ဈိမ ကိုပြောသည်။

 ရွာသစ်မြို့အနီး  BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးတွင် ယမန်နေ့  နံနက် ၁၁ နာရီကျော်အချိန်ခန့်၌ ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ပစ်တော့ ထိတော့ထိသွားတယ်။ အမြီးပိုင်းကို ထိပြီးတော့မှ မီးခိုးတော့ ထွက်သွားတယ်။ ထိုင်းနဲ့ နီးတဲ့ နယ်စပ်နား၊ မယ်စဲ့နဲ့ ရွာသစ်ကြားက တောင်ကုန်းကြားမှာ သွားနေတာကို ပွိုင့်5 နဲ့ ပစ်လိုက်တာလို့ သတင်းရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့် ဖြင့် စစ်ကြောင်းထိုးနေသည့် ရွာသစ်မြို့နယ်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ထိုရဟတ်ယာဉ်ကို ကလလတနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရဟတ်ယာဉ်က ရွာသစ်မြို့နယ်ထဲမှာပဲ ပျက်ကျသွားတာပါ။ ရွာသစ်မှာ တပ်အင်အား ၃၀၀ လောက်နဲ့ ထိန်းချုပ်ထားတယ်။ ပစ်နေတုန်းဆိုတော့ အပျက်ပုံတော့ မရလိုက်ဘူး” ဟု ကလလတနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကလလတ သည်  နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲပြီး တပ်ဖွဲ့ဝင်အချို့ကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့သော်လည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly