တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ရွှေဒူးကျေးရွာအုပ်စုရှိ မရင်းငယ်ကျေးရွာ အနီး မြိတ်-တနင်္သာရီ လမ်းပိုင်းတွင် ယနေ့ ဇွန်လ ၃၀ ရက် ၊ နံနက် ၉ နာရီဝန်းကျင် အချိန်တွင် ကား နှစ်စီး ယာဉ်တိုက်မှုဖြစ်ရာ ခရီးသည်ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။
FORLAND အမျိုး အစား အုတ်တင်ယာဉ်က အရှိန်လွန် မောင်းနင်းရာမှ Nissan Caravan အမျိုးအစား မိုးသောက်ကြယ် ခရီးသည်တင်ယာဥ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ယာဥ်တိုက်မှုကြောင် ခရီးသည်တင်ယာဥ်မောင်း ဦးခေါင်းကားနှင့်ညှပ်မိခဲ့သော်လည်း အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက“ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတွေ အပါအဝင် လူ ရှစ်ဦး ထိခိုက် ဒဏ်ရာ ရတယ်။ သိပ်ပြီးတော့ မစိုးရိမ်ရပါဘူး။ အားလုံးကို အရေးပေါ်ကားတွေနဲ့ မြိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်”ဟု ပြော သည်။
အုတ်သယ်ကားမှာ တနင်္သာရီမြို့ဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး မိုးသောက်ကြယ်ခရီးသည်တင်ကားသည် မြိတ်မြို့ဘက်မှ ဘုတ်ပြင်းမြို့သို့ သို့ ပြေးဆွဲသော ယာဉ်လိုင်း ဖြစ်သည်။
ခရီးသည်ကားတွင် လူကိုးဦးပါရှိပြီး မြိတ်ခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး အသုံးပြုကာ တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် အရေးပေါ်ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်ထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး