ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့

By လွှမ်းမိုး (မဇ္ဈိမ)
28 June 2023
ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂  နာရီခန့်တွင် ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ငါးပါတ်ချောင်းကျေးရွာကို ကျောက်မြောင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်က အင်အား ၆၀ ခန့်ဖြင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာပြီး ဝင်ရောက်မီးရှို့ခဲ့ခြင်းဟု ဒေသခံကပြောသည်။

“ အင်အား ၆၀ လောက်နဲ့ ရွာထဲကိုဝင်ပြီး သုံးနာရီလောက်ကြာအောင် မီးရှို့သွားတာ ဖြစ်ပါတယ်။ အိမ်ခြေ ၁၅၀ လောက် မီးလောင် ပြာကျသွားတယ်။ အခုမှ ရွာထဲဝင်ပြီး သန့်ရှင်းရေးလုပ်နေရတာ” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကြောင်းဝင်လာ၍ စစ်ဘေးပြီးရွာသို့ပြန်ရောက်ချိန်တွင် တရွာလုံးနီးပါး မီးလောင်ပြင်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရခြင်းဟုလည်း စစ်ဘေး၊ မီးဘေးသင့် ဒေသခံတဦးက ပြောသည်။

“ အိမ်ထောင်သက် အနှစ် ၃၀ လုံးလုံး မစားရက်မသောက်ရက်စုဆောင်းပြီး အိမ်လေးတလုံးဖြစ်ဖို့တည် ဆောက်ခဲ့ရတာ။ ပြတင်းပေါက်ကလေးတောင် မတတ်နိုင်သေးဘူး။ အခုတောင် တခြားရွာက ထောက်ပံ့ တာလေးတွေနဲ့  ထမင်းချက်ကျွေးနေလို့စားနေရတာပါ။ ရှေ့ဆက် ဘယ်လိုအသက်ရှင်ရမှန်းတောင် မသိ တော့ဘူး” ဟု ၎င်းကဆိုသည်။

ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများမှာ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင် အသက်မွေးဝမ်းကြောင်းပြုကြသူများဖြစ်ပြီး အိမ်ထောင်စု ၂၀၀ ဝန်းကျင် နေထိုင်ကြသည်။
ယခုအခါ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း လည်း ဒေသခံများကဆိုကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required