ပေါင်းတည်မြို့နယ် လက်ပံခုံရွာရှိ ကျောင်းထိုင်ဘုန်းကြီး ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

By ရွှေနွယ် (မဇ္ဈိမ)
24 June 2023
ပေါင်းတည်မြို့နယ် လက်ပံခုံရွာရှိ ကျောင်းထိုင်ဘုန်းကြီး ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လက်ပံခုံရွာရှိ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဇွန်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူသွားကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။

သက်တော် ၆၅ နှစ်ခန့် ရှိပြီဖြစ်သော လက်ပံခုံရွာ ကျောင်းထိုင်ဘုန်းကြီးသည် တောင်ခမောက်ရွာနှင့် လက်ပံခုံရွာကြားတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

"နေ့လယ်ဘက်ဗျ သေနတ်သံ သုံးချက်ကြားလိုက်တယ်။ ဘုန်းကြီးက မဘသဘုန်းကြီးပါ။ ဟိုတလောက ဒီဘက်မှာ ရွာသားတွေ အစာငတ်ရေငတ် တစ်နေကုန် နေလှမ်းခံရတဲ့ကိစ္စတွေမှာလည်း ဘုန်းကြီးနဲ့ ရဲပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ရွာသားတွေကတော့ ယူဆကြတယ်။ ပြောရရင်တော့ဗျာ ရွာသားတွေဘက်မှာလည်း မကျေနပ်သူတွေရှိကြပါတယ်။ နောက်တစ်ခုကတော့ ဒီဘက်မှာ ပကဖတွေလည်းရှိတယ် ရှစ်လုံးတဲတိုက်ရွာဘက်မှာလည်း ပျူလက်နက်ကိုင်တွေရှိတယ်" ဟု ဒေသခံအမျိုးသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို လက်ရှိအချိန်အထိ မသိရှိရသေးပေ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဇ္ဈိမမှ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ မေးမြန်းရာတွင် ၎င်းတို့တပ်ရင်းတပ်ဖွဲ့များအနေဖြင့် အဆိုပါ ပစ်ခတ်မှုကို စီစဉ်ခြင်း ၊ အမိန့်ပေးခြင်း မရှိကြောင်းနှင့် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါက လုပ်ဆောင်သည်ကို အတည်ပြုချက်ပေး၍ မရသေးကြောင်း ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ အာဘော်များကိုဖြန့်ဝေပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်များကိုလည်း တွေ့ရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required