ထီးလင်းတွင်  စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိ၍  ထိခိုက်သေဆုံးသူရှိဟုဆို

By ကိုခင်မောင် (မဇ္ဈိမ)
23 June 2023
ထီးလင်းတွင်  စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိ၍  ထိခိုက်သေဆုံးသူရှိဟုဆို

မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးမြို့တော်ခန်းမမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည်  ဇွန်လ ၂၁ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် အသင့်ထောင်ထားသော မိုင်းနင်းမိ၍ ထိခိုက်သေဆုံးသူများရှိဟု ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)  Yaw Revolution Army (ထီးလင်း)မှ သတင်းထုတ်ပြန်သည်။

အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်စစ်ကြောင်းသည်  ရွှေထီးခန်းမမှထွက်လာပြီး သရခါကျေးရွာ၏ အရှေ့တောင်ဘက်ရှိ ဂျီချောင်းအနီးတွင်  YRA ထီးလင်းအဖွဲ့မှ အသင့်ထောင်ထားသော တိုက်မိုင်းကို နင်းမိ၍ မိုင်း သုံးကြိမ်ဆက်တိုက် ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဖော်ပြသည်။
 
“အဓိက က သူတို့က ဒီလမ်းကြောင်းထဲကို မိုင်းရှင်းမယ်၊ နယ်မြေရှင်းလင်းမယ်ဆိုပြီးတော့ အဲဒီရည်ရွယ်ချက်နဲ့ သွားတာပေါ့နော်၊ ကျွန်တော်တို့ထောင်ထားတဲ့မိုင်းကို သူတို့ဘာသူတို့ တိုက်မိပီးတော့ ပေါက်ကွဲသွားတာပါဗျ၊ အဲ့မှာ သူတို့က ရှေ့ကိုမတိုးဘဲနဲ့ သရခါကျေးရွာ ပြန်ဆုတ်တယ်၊ ပြန်ဆုတ်တဲ့အခါမှာ အထမ်းတွေပါလာတာ တွေ့ရတယ်။ သရခါကျေးရွာကိုသွားတဲ့အခါ ဒီထီးလင်းမြို့နယ်က ဖောကားတစ်စီးကို ခေါ်ပြီးတော့ရောက်လာတယ်၊ ဒဏ်ရာရတဲ့သူတွေရယ် အလောင်းတွေရယ် ကားပေါ်တင်ပြီးတော့ ထီးလင်းဘက်ကိုပို့နေတာကို ကျတော်တို့ မျက်မြင်တွေ့ရတယ်။ ငါးဦးသေဆုံးတယ်ဆိုတာကျတော့ ကျွန်တော်တို့ ပြန်ပြီးတော့ စုံစမ်းလိုက်တဲ့အခါမှာ ထပ်ပြီးတော့ရတဲ့ သတင်းပါဗျ။ “ ဟု Yaw Revolution Army ခေါင်းဆောင် သခင်ဇော် က မဇ္စျိမကို ပြောသည်။

မိုင်းပေါက်ပြီးနောက်  စစ်ကောင်စီတပ်ဘက်မှ  လက်နက်ငယ်များဖြင့်  ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများအား သရခါကျေးရွာသို့ သယ်ဆောင်သွားခဲ့သည်ဟု ၎င်းထံမှ သိရသည်။ 

အဆိုပါမိုင်းများသည် သမရိုးကျပုံစံမဟုတ်ဘဲ ရန်သူ၏အားနည်းချက်ကိုအသုံးချကာ စနစ်တကျ ထောင်ထားခြင်းဖြစ်ကြောင်းလည်း သခင်ဇော်က အခုလိုဆက်လက်ရှင်းပြသည်။ 

“တကယ်က အဲမိုင်းကကျတော့ ကျတော်တို့ ပုံမှန် သမရိုးကျပုံစံ မဟုတ်ဘူး။  သူတို့လုပ်လေ့လုပ်ထရှိတာက မိုင်းတွေ့ရင် ဖျက်ဆီးမယ်၊ မိုင်းတွေ့ရင် ဖြုတ်မယ်ဆိုတာ  သူတို့လုပ်နေကြပါ။ သူတို့ရဲ့ အားနည်းချက်ကိုယူပြီးကျတော်တို့က ဒီမိုင်းကို ဖြုတ်လို့ရှိရင်လည်း ပေါက်ကွဲအောင် တကယ်လို့ ဖျက်ဆီးမယ်ဆိုရင်လည်း ပေါက်ကွဲမယ်၊ တိုက်မိရင်လည်းပေါက်ကွဲမယ် အဲလိုမျိုးဖြစ်အောင် ထောင်ထားတာပါဗျ။” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားများ  မိုင်းထိခိုက်ပြီး  ဒဏ်ရာရသေဆုံးမှုနှင့် ပတ်သက်၍ မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထီးလင်းမြို့နယ်ရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များက နယ်မြေရှင်းလင်းရေးအကြောင်းပြကာ စစ်ကြောင်းထိုးလာစဥ် အဖမ်းအဆီးမခံရအောင် သတိထားရှောင်ကြဥ်ကြရန် အသိပေးလိုကြောင်းလည်း YRA ခေါင်းဆောင်က ပြောသည်။

ဇွန်လ ၁၅ ရက်တွင်လည်း ထီးလင်းမြို့နယ် အုန်းတွဲရွာဘုရားကုန်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့် Yaw Revolution Army (ထီးလင်း)တို့အကြား ထိတွေ့တိုက်ပွဲတွင် Yaw Revolution Army (ထီးလင်း)မှ အသက် ၁၈ နှစ်အရွယ် တပ်သားဝင်းကိုနိုင် နှင့် အသက် ၂၁ နှစ်အရွယ် တပ်စုမှူးဝေယံလင်း တို့ ကျဆုံးခဲ့ရပြီး ရဲဘော်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly