မော်လမြိုင်-ရေး-ထားဝယ်လမ်းတွင် လုံခြုံရေးယူ စစ်ဆေးနေသည့် KNLA ပူးပေါင်းတပ်ဖွဲ့များရှိရာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ် 

By YT  ( မဇ္ဈိမ)
21 June 2023
မော်လမြိုင်-ရေး-ထားဝယ်လမ်းတွင် လုံခြုံရေးယူ စစ်ဆေးနေသည့် KNLA ပူးပေါင်းတပ်ဖွဲ့များရှိရာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ် 

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)လမ်းမတွင် သွားလာနေသော မော်တော်ယာဉ်များအား လုံခြုံရေးယူစစ်ဆေးနေသည့် KNLA ၊ SOF ၊ PDF ပူးပေါင်းတပ်ဖွဲ့များရှိနိုင်မည့်နေရာသို့ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း SOF တာဝန်ခံနှင့် တောင်ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးထံက သိရသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၈)ပြည်ထောင်စုလမ်းမကြီး၏ မွန်ပြည်နယ် ဘက်ခြမ်း ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားသို့ ဖြတ်သန်းသွားလာသည့်ယာဉ်များအား လုံခြုံရေးယူ စစ်ဆေးနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ PDF ပူးပေါင်းတပ်ဖွဲ့များရှိနိုင်မည့်နေရာသို့မှန်းဆ၍ ရေးမြို့အခြေစိုက် အမတ (၃၁၇)က ၈၁ မမ လက် နက်ကြီး ငါးလုံးခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူတို့က ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ရှိနိုင်မယ်လို့ထင်တဲ့နေရာတွေကို ရမ်းသန်းမှန်းသန်းနဲ့ ပစ်ခတ်တဲ့ သဘောပါ။ အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးရဲဘော်တွေရှိနေတယ်ဆိုတဲ့နေရာတွေကို စစ် ကြောင်း မထိုးရဲတဲ့အတွက် မှန်းဆပြီး လက်နက်ကြီးနဲ့ လှမ်းခြောက်တဲ့သဘောပါ” ဟု တောင်ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

အမတ (၃၁၇) မှပစ်ခတ်သော လက်နက်ကြီးကျည်များအနက် သုံးလုံးသည် ဒေသခံများ၏ ရာဘာခြံများ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများအနေဖြင့် တော်လှန်ရေးအင်အားစုများရှိရာ နေရာသို့ စစ်ကြောင်းထိုးရန် တပ်ဝင်းထဲမှ ထွက်ခွာနိုင်သည့် အခြေအနေမရှိသည့်အတွက် အဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့မှစ၍ အမှတ် (၈) လမ်းမကြီး၏ မွန်ပြည်နယ်ဘက်ခြမ်းတွင် တပ်မဟာ( ၆) KNLA တပ်ရင်း (၂၇)၊ SOF၊ PDF ပူးပေါင်းတပ်ဖွဲ့များက နှစ်နေရာခွဲ၍ လုံခြုံရေးယူ စစ်ဆေးနေခြင်းဖြစ်ပြီး ထိုနေ့၌ပင် စစ်ကောင်စီတပ်နှင့် ဆက်နွှယ်နေသည့် လူလေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း SOF တာဝန်ခံက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က အမှတ်(၈)လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားလာမည့် ယာဉ်များအနေဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးခြင်းအား ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်း၊ လူအစရှိသဖြင့် သယ်ယူခြင်းမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတူ လိုက်ပါစီးနင်းခြင်းမပြုလုပ်ရန် KNLA တပ်ရင်း(၂၇)တပ်ရင်းမှူး စောနယ်ဒါထူးလက်မှတ်ဖြင့် ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမှတ်(၈)လမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာ ယာခရိုင်နှင့် တပ်မဟာ(၄) မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်ပြီး ယခု KNLA တပ်ရင်း (၂၇)၊ SOF ၊ PDF ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူစစ်ဆေးနေသောနေရာသည် KNU တပ် မဟာ(၆)နယ်မြေအတွင်း ဖြစ်သည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required