ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်လ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုလိုက်ပြီးဖြစ်ရာ အစိုးရသစ် မဖွဲ့မီ လာမည့် သီတင်းပတ်အနည်းငယ်၌ လွှတ်တော်၏ ပထမအစည်းအဝေးများကို ဆင့်ခေါ်ဖြစ်တော့မည် ဖြစ်သည်။
အောက်လွှတ်တော် အမတ် ၅၀၀ စလုံး၌ အနိုင်ရသူများကို အတည်ပြုကြောင်း ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် ကြေညာလာခြင်း ဖြစ်ပြီး အောက်လွှတ်တော်အနေနဖြင့် ၁၅ ရက်အတွင်း ဥက္ကဋ္ဌဖြစ်သူကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်ကာ ဥက္ကဋ္ဌက ဝန်ကြီးချုပ်အား မဲပေးရွေးချယ်ရေးအတွက် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးကို ဆင့်ခေါ်ရမည် ဖြစ်သည်။
မေ ၁၄ ရက် ရွေးကောက်ပွဲတွင် တိုးတက်ရေးဝါဒီ Move Forward ပါတီက အံ့အားသင့်ဖွယ် အနိုင်ရပြီး ယင်းနောက်တွင် လူကြိုက်များသော ဖျူထိုင်းပါတီက ကပ်လျက် ဒုတိယနေရာ အနိုင်ရခြင်း ဖြစ်သည်။ ယခု ရွေးကောက်ပွဲရလဒ်က စစ်တပ် ဦးဆောင်သော သို့မဟုတ် ကျောထောက်နောက်ခံပြုသော အစိုးရ၏ ကိုးနှစ်တာ အုပ်ချုပ်မှုနောက် သစ္စာခံစစ်တပ်နှင့် မိတ်ဖက်မဟာမိတ်များကို အတိုက်အခံများက အနိုင်ရလိုက်ခြင်းလည်း ဖြစ်သည်။
အတိုက်အခံများက ရှစ်ပါတီပါဝင်သော ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်း ညွန့်ပေါင်းအဖွဲ့က Move Forward ပါတီ၏ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ခေါင်းေ ဆာင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးကြနိုင်ပြီး လာမည့် လ၌ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းဖြစ်ဖို့ များသည်။
ယခု ရွေးကောက်ပွဲရလဒ်ကို အတည်ပြုလိုက်ခြင်းက ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲနောက်ပိုင်း မရေရာမှုအချို့ကို ရှင်းလင်းပေးလိုက်လင့်ကစား အထက်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှ မဲ ၃၇၆ မဲ ထောက်ခံရန် လိုအပ်သော ဝန်ကြီးချုပ်နေရာအတွက် ပီတာက လုံလောက်သော ထောက်ခံမှု ရနိုင်မရနိုင်က မရေရာသေးဘဲ ရှိနေဆဲ ဖြစ်သည်။
မဟာမိတ် ညွန့်ပေါင်းအနေဖြင့် အမတ်နေရာ ၃၁၂ မဲ နေရာ ထိန်းချုပ်ထားရာ ပြိုင်ဖက်ပါတီများ သို့မဟုတ် ၂၀၁၄ အာဏာသိမ်းမှုနောက် စစ်တပ်အုပ်ချုပ်ရေးအောက် ခန့်အပ်သော ဆီးနိတ်လွှတ်တော်အမတ် ၂၅၀ မှ အချို့၏ ထောက်ခံမှု ရရှိရန် လိုအပ်လိမ့်မည် ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ခန့်အပ်ရေးအတွက် သဘောတူညီမှု ရရှိရန် ကြာသပတေးနေ့တွင် တွေ့ဆုံကြမည် ဖြစ်ကြောင်း Move Forward ပါတီ၏ မဟာမိတ်ညွန့်ပေါင်းအဖွဲ့က ပြောထားသည်။
(မိုးသဲ ဘာသာပြန်သည်။)