မိုးဗြဲတိုက်ပွဲတွင် ၂ ဖက်ထိခိုက်မှုရှိ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

By ဂျူချန်း (မဇ္ဈိမ)
17 June 2023
မိုးဗြဲတိုက်ပွဲတွင် ၂ ဖက်ထိခိုက်မှုရှိ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မိုးဗြဲ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး မိုးဗြဲ PDF ပူးပေါင်းအဖွဲ့မှ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲက ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး စစ်ကောင်စီ၏ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်ရင်းနှင့် လွိုင်ကော်မြောက်တပ်တို့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍  မိုးဗြဲမြို့တွင်းရှိ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များ ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၁၆ ရက်နေ့ မနက်ကနေ နေ့လယ်ထိ ဖြစ်တာပေါ့နော့်။ စစ်ကောင်စီဘက်က ၁၀ယောက်ကျတယ်” ဟု ရွှေလင်းယုန်တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခြင်းနှင့်ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

လက်ရှိတွင် မိုးဗြဲမြို့ စည်ကားရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊  ပွဲကုန်းရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ဈေးကုန်း၊ ပေါ်ဦးရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စက်တော်ရာ စသည့် ရပ်ကွက်များတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားပြီး မြို့တွင်းသို့ ခမရ(၄၂၂) နှင့် လွိုင်ကော်အမြောက်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်နေသောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ မြို့ပြင် လယ်ကွင်းများနှင့် လုံခြုံမည့်နေရာများတွင် သွားရောက်ခိုလှုံနေကြရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် မိုးဗြဲမြို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုကြား စစ်ရေးတင်းမာနေပြီး ပြည်သူများအနေဖြင့် မိုးဗြဲမြို့ အနီးတဝိုက်နှင့် မိုးဗြဲ-ပီကင်း လမ်းပိုင်းတွင် သွားလာခြင်း မပြုလုပ်ကြရန် ရွှေလင်းယုန်တပ်ခွဲက သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly