တိုက်ပွဲများကြောင့်  စစ်ဘေး ဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်

By ကိုရွှေမြိတ်(မဇ္ဈိမ)
14 June 2023
တိုက်ပွဲများကြောင့်  စစ်ဘေး ဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်

မြန်မာ-ထိုင်း နယ်စပ် ၊ ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန်စင်ဟင်မြို့သို့  မြန်မာ စစ်ဘေး ဒုက္ခသည် ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြောင်း ထိုင်း NationOnline သတင်းတွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ရေးသားဖော်ပြထားသည်။

ကရင်နီပြည်နယ်ရှိ ဘန်မဲချောင်း ရဲစခန်း သုံးခုနှင့် အခြား စစ်ကောင်စီ စစ်စခန်း သုံးခုကို ကရင်နီ လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က စီးနင်းဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်လာ၍ မြန်မာစစ်ဘေးရှာင် ၃,၃၄၂ ဦးသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်ဟု ထိုသတင်းစာတွင် ဖော်ပြထားသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသေး၍ ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်သူအရေအတွက် ပိုမိုများပြားလာနိုင်သည်ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီရေး စောင့်ရှောက်ရေးကွန်ရက်အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" စစ်ရှောင်တွေက ဒီထက် ပိုများလာနိုင်ပါတယ်။ အခု ထိုင်း သတင်းတွေမှာ ဖော်ပြထားတာက ၃,၀၀၀ ကျော် ဆိုပေမယ့် ဒီထက် ပိုများနိုင်တယ်”ဟု ၎င်းကဆိုသည်။ 

တိုက်ပွဲများကြောင့် ကရင်နီဒေသမှ ပြည်သူ ၁၀,၀၀၀ ကျော်နီးပါးသည် ဒေသအသီးသီးသို့ ထွက်ပြေး စစ်ရှောင်နေရပြီး မိုးရာသီရောက်ရှိနေ၍ စစ်ရှောင်များ ဒုက္ခရောက်နေရကြောင်း အဆိုပါ တာ၀န်ရှိသူက ပြောသည်။ 

မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ Chettha Mosikarat သည်  မယ်ဟောင်ဆောင် နယ်ခြားစောင့် စခန်းမှ စစ်သည်များ၊  ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် တပ်ဖွဲ့ဝင်များ စုစည်းကာထွက်ပြေး ခိုလှုံလာသည့် ထိုမြန်မာစစ်ရှောင်များကို  လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အခြေခံမူများအရ  ကူညီစောင့်ရှောက် ပေးထားကြောင်း NationOnlineတွင် ရေးသားထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly