ILO ညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖြစ် မည်သူ့ကိုမျှ လက်ခံခြင်းမရှိ

By မိုးသောက် (မဇ္ဈိမ)
13 June 2023
ILO ညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖြစ် မည်သူ့ကိုမျှ လက်ခံခြင်းမရှိ
Photo -ညီလာခံတွင်စစ်ကောင်စီတက်ရောက်ခွင့်မရရေးလှုပ်ရှားမှုတစ်ခု( Federation of General Workers Myanmar - FGWM)

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၏ (၁၀၁)ကြိမ်မြောက် ညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မည်သူကိုမျှ လက်ခံမည်မဟုတ်ကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် ILO က ထုတ်ပြန်သည့်မှတ်တမ်းအရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ကောင်စီတို့ နှစ်ဘက်စလုံးကတင်သွင်းခဲ့သည့် ကိုယ်စား လှယ်များကို လက်မခံခြင်းမရှိဘဲ မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ 

အကယ်၍ NUG ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုပါက အလုပ်သမားများ၏ အခွင့်ရေးများ ကို ညီလာခံတွင်တင်ပြနိုင်မည့်အခြေအနေရှိကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ဆို သည်။

“ပြည်သူတွေထောက်ခံထားတဲ့ NUG အစိုးရလည်း တက်ရောက်ခွင့်ရှိတယ်၊ အလုပ်သမားကိုယ်စားလှယ် တွေလည်း တက်ရောက်ခွင့်ရှိမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းတဲ့အချိန် ကစလို့ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ အဓမ္မဖမ်းဆီးခံရမှုတွေ၊ လွတ်လပ်စွာသင်းပင်းခွင့်တွေ ပျောက်ဆုံးနေတဲ့ အခြေအနေဆိုးတွေကို တင်ပြလို့ရမယ့် အခြေအနေဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အထွေ ထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)မှ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ဆိုသည်။

ညီလာခံသို့ တက်ရောက်ခွင့်မရှိသည့်အတွက် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်၍မရသော်လည်း စစ် ကောင်စီ၏ အလုပ်သမားအရေးအခြေအနေများကို ILO ၏ စုံစမ်းစစ်ဆေးကော်မရှင်မှတဆင့် တင်ပြ ဆွေးနွေးမှုများပြုလုပ်ထားသည်ဟု FGWM မှ သိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ILO ၏ ညီလာခံများ၌ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့ပြီး NUG နှင့် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်နှစ်ဦးစလုံးကို လက်ခံခဲ့ခြင်းမရှိပေ။
ILO ညီလာခံတွင် မြန်မာကိုယ်စားပြုမထားခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိ သူထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

အစိုးရအဖွဲ့ တဖွဲ့ထက်များပြားနေသည့်အချိန်တွင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုခု၏ ကိုယ်စားပြုမှုနှင့်ပတ်သက်ပြီး အထွေထွေညီလာခံ၏ သဘောထားကို ထည့်သွင်းစဉ်းစားဆုံးဖြတ်ရမည် ဆိုသော ဆုံးဖြတ်ချက်အတိုင်း ILO အနေဖြင့်လည်း ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့်လည်း မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို ထပ်မံမရွေး ချယ်သေးဘဲ ရွှေ့ဆိုင်းထားသည်။

ILO တွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုတက်ရောက်ရန် စစ်ကောင်စီဘက်က အလုပ်သမားဝန်ကြီး ဦးပွင့်ဆန်းကိုအဆိုပြုထားပြီး NUG ဘက်ကလည်း ၎င်းတို့၏ အလုပ်သမားဝန်ကြီးဖြစ်သူ နိုင်သုဝဏ္ဏကို အဆိုပြု တင်သွင်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly