CCTV ကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ဖြစ်စဉ်များပြားလာ၍ လုံခြုံရေးကင်မရာ များကို မလိုအပ်ဘဲမတပ်ဆင်ကြရန် ရန်ကုန်အခြေစိုက် မြို့ပြတော်လှန်ရေးအင်အားစုများမှတောင်းဆို ထားသည်။
“CCTV ကြောင့် ကျနော်တို့ မြို့ပြပြောက်ကျားတွေတင်မကဘူး တော်လှန်ရေးလုပ်နေတဲ့ တဦးခြင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ဆုံးရှုံးနစ်နာမှုတွေ ရှိပါတယ်။ ကျနော်တို့ မြို့ပြပြောက်ကျားပိုင်းမှာ ပြောမယ်ဆိုရင် တောင် လမ်းကြောင်းထောက်လှမ်းတာကအစ CCTV ကို ရှောင်ရှားသွားလာရတာရှိတယ်။ မလိုအပ်ဘဲ အိမ်၊ လုပ်ငန်း၊ ဈေးဆိုင်တို့မှာ ကိုယ်ပိုင်ပစ္စည်းတွေကို စောင့်ရှောက်ဖို့တပ်တာမဟုတ်ဘဲ လမ်းပေါ်ကိုတပ် ထားတဲ့အခါကြ ရဲဘော်တွေက ရှောင်ရှားသွားလာရတာအဆင်မပြေဘူး။ သတိထားနေတဲ့ကြားက CCTV ရှိနေတဲ့နေရာကို ဖြတ်သွားမိတယ်ဆိုရင် စစ်ကောင်စီက အဲဒီကနေကြည့်ပြီး လိုက်လံဖမ်းဆီးတာမျိုး၊ မှတ်တမ်းယူသွားတာမျိုးတွေ လုပ်တယ်။ အဲဒီအတွက် သပိတ်အဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ အများကြီးအခက်အခဲဖြစ်ရတယ်။ CCTV ကြောင့် အဖမ်းခံရတယ်၊ အသက်တွေပစ္စည်းတွေ ဆုံးရှုံးတာမို့ မလိုအပ်ဘဲ လမ်းပေါ်တွေမှာ မတပ်ဆင်ဖို့ တောင်းဆိုပါတယ်” ဟု Freeland Attack Force အဖွဲ့တာဝန်ခံ ကိုနေမျိုးနွယ်ကမဇ္ဈိမကို ပြောသည်။
CCTV ကြောင့် မြို့ပြပြောက်ကျားများ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းကို ပြောဆိုနိုင်ရခြင်းမှာ စစ်ကောင်စီ သတင်းများကြေညာသည့် ရုပ်သံလိုင်းများ၊ စစ်တပ်ထောက်ခံအားပေးသည့် သတင်းများတင်သော တယ်လီဂရမ်ချန်နယ်များနှင့် ဖေစ့်ဘုတ်ပေခ်ျများမှ ထုတ်ပြန်သည့် တော်လှန်ရေးအဖွဲ့အစည်းများကို ဖမ်းဆီးရမိကြောင်း သတင်းများကို ကြည့်ခြင်းဖြင့် သိရနိုင်သည်ဟု ဆိုသည်။
CCTV မှတ်တမ်းတွင် ရဲဘော်တဦးပါသွားပါက ကွင်းဆက်အဖြစ် အဖွဲ့လိုက် အဖမ်းခံရပြီး အသက်ဆုံးရှုံး ရသည့် ဖြစ်စဉ်များကို တွေ့ရနိုင်ကြောင်း ၎င်းကပြောသည်။
“CCTV ကို မလိုအပ်ဘဲတပ်ဆင်ရင် အန္တရာယ်နှစ်ခုရှိပါတယ်။ မြို့ပြတော်လှန်ရေးအင်အားစု၊ UG ရဲဘော် တွေအတွက်အန္တရာယ်ရှိသလို တပ်ဆင်သူကိုယ်တိုင်အတွက်လည်း အန္တရာယ်ရှိပါတယ်။ CCTV ကြောင့် ရဲဘော်တွေဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။ နောက်ပြီး စစ်တပ်တို့ ၊ ရဲတို့က ကိုယ့်အိမ်မှာ CCTV ကို လာပြီးစစ်ဆေးမယ်ဆိုရင် မတော်တဆ ဖုန်းကိုယူစစ်တာတို့၊ တခြားဟာတွေစစ်ဆေးရင်းနဲ့ ဖမ်းခံ လိုက်ရတဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ဒီလိုတွေရှိလို့ ပြည်သူတွေကို CCTV လုံးဝမတပ်ပါနဲ့လို့ မပြောလို ပါဘူး။ မလိုအပ်တဲ့နေရာတွေကို မချိန်ထားဖို့တောင်းဆိုတာပါ” ဟု စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ပီတာကြီးက မဇ္ဈိမ ကို ပြောသည်။
မြို့ပြတွင် CCTV အန္တရာယ် ကြီးမားလာခြင်းကြောင့် “မြို့ပြကို CCTV နဲ့ မသတ်နဲ့” အမည်ဖြင့် အွန်လိုင်း ဓာတ်ပုံကမ်ပိန်းအား ယနေ့ ဇွန်လ ၁၂ ရက်နေ့မှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကမ်ပိန်းမှတဆင့် CCTV အား မလိုအပ်သည့်နေရာများတွင် တပ်ဆင်ခြင်းမပြုရန် တော်လှန်ရေး အင်အားစုများဖြစ်သော UG Supporter Group(USG) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) ၊ ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (Octopus) ၊ Youth Association Of Thingangyn(YAT) ၊ Yangon Drone ၊ Youth Strike Committee (YSC) ၊ Milk Tea Alliance Yangon ၊ Yangon Fundraising Army (YGA) ၊ People Supply Force Yangon တို့မှ တညီတညွတ်တည်း တောင်းဆိုချက်ထုတ်ပြန်ထား သည်။
“ရန်သူက မြို့ပြမှာ CCTV ကို နည်းပညာမြှင့်ပြီး အားကိုးလုပ်ဆောင်နေပါတယ်။ ဒါဟာ မြို့ပြရဲဘော်တွေ အတွက် အတော်ကိုအန္တရာယ်များပြီး ကြီးမားတဲ့စိန်ခေါ်မှုပါ”ဟုလည်း မြို့ပြပြောက်ကျား၊ တော်လှန်ရေး အင်အားစုများအတွက် CCTV သည် အန္တရာယ်ရှိကြောင်းကို Yangon UG Association(YUA) မှ တာဝန်ခံ ဆရာကျောင်းက မှတ်ချက်ပြုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ