တူမီးထီအပတ်စဉ် (၁၃) မှ ရရှိလာသော ကန်ဒေါ်လာ ၇၀၀ကျော်ကို CDF ထံပေးအပ် 

By ပါခွီး (မဇ္စျိမ)
08 June 2023
တူမီးထီအပတ်စဉ် (၁၃) မှ ရရှိလာသော ကန်ဒေါ်လာ ၇၀၀ကျော်ကို CDF ထံပေးအပ် 
ဓာတ်ပုံ - CDF တပ်ဖွဲ့ဝင်များ

ချင်းပြည်နယ်တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသော တူမီးထီအပတ်အစဉ်(၁၃) မှ ရရှိလာသည့် ရန်ပုံငွေ ကန်ဒေါ်လာ၇၆၅ကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Tonzangထံ ပေးအပ်ခဲ့ကြောင်း တူမီး ထီက ဇွန်လ ၇ရက်နေ့တွင်ထုတ်ပြန်သည်။

တူမီးထီကို တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာဖြင့် ရောင်းချနေပြီး မေလအတွက် အပတ်စဉ် (၁၃) တွင် ၂၀၅စောင် ရောင်းချရသောကြောင့် စုစုပေါင်း  ၁၀၂၅ ဒေါ်လာရရှိခဲ့သည်။  ဆုကြေးငွေ ဒေါ်လာ၂၅၀နှင့် အေးဂျင့်အတွက် ၁၀ဒေါ်လာ သုံးစွဲခဲ့သဖြင့် ကျန်ရှိသော ၇၆၅ဒေါ်လာကို CDF – Tonzangထံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“တူမီးအပတ်စဉ် ၁၃မှာ ပေါက်တဲ့သူမရှိပါဘူး။  ဒါပေမဲ့ဆုကြေးငွေ ဒေါ်လာ၂၅၀ ကတော့ နောက်လာမဲ့အပတ်စဉ်မှာ ထပ်ပေါင်းချီးမြှင့်သွားမှာပါ” ဟု တူမီးထီက တာဝန်ရှိသူ တစ်ဦးကပြောသည်။

တူမီးထီအပတ်စဉ်(၁၃)မှ   ဆုကြေးငွေ ဒေါ်လာ၂၅၀ကို ထပ်ပေါင်းထည့်မည်ဖြစ်သဖြင့် လာမည့်အပတ်စဉ်(၁၄) တွင် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၃၀၀ စတင်သတ်မှတ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

အပတ်စဉ်(၁၄) အတွက် တူမီးထီများကိုရောင်းချလျက်ရှိပြီး ဇွန်လ ၃၀ရက်နေ့တွင် ကံထူးရှင်ရွေး
ချယ်သွားမည်ဖြစ်သည်။ ‌ပြည်သူများအနေဖြင့် တူမီးထီ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့်ဆက်သွယ်ပြီး ကူညီအားဖြည့်နိုင်သည်ဆိုသည်။

တူမီးထီ အပတ်စဉ် (၁၂) မှ ရရှိလာသော ရန်ပုံငွေ ကျပ် ၃၂၂၀,၀၀၀(သုံးဆယ့်နှစ်သိန်းနှစ်သောင်း) ကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet ထံ ပေးပို့ခဲ့ကြောင်းသိရသည်။ တူမီးထီမှ ရရှ်ိငွေကို ထောက်ပံ့ရာတွင် မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ အိန္ဒိယရူပီး‌‌ငွေ စသည်ဖြင့် လိုအပ်ချက်ပေါ်မူတည်၍  အဆင်ပြေရာ ငွေကြေးဖြင့် ထောက်ပံ့ခြင်းဖြစ်သည်။

တူမီးထီမှ ရရှိသောဘဏ္ဍာငွေများကို ချင်းတော်လှန်ရေးအင်အားစုများထံသို့ထောက်ပံ့နေပြီး ထီထိုးသူနည်းလျှင် ထောက်ပံ့‌ငွေနည်းပါးသဖြင့် ပြည်သူများအနေဖြင့် များများပါဝင်အားဖြည့်ပေးကြရန် တော်လှန်ရေးအင်အားစုများက  မေတ္တာရပ်ခံထားသည်။

တူမီးထီသည် ၂၀၂၁ ခုနှစ်တွင်စတင်သည့် မြန်မာနွေဉီးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန်အတွက် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program - CRFP ) မှရောင်းချသော ချင်းဒီဂျစ်တယ်ထီဖြစ်သည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly