ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၃၀ အား MUFG ပညာသင်ဆုချီးမြှင့်

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၃၀ အား MUFG ပညာသင်ဆုချီးမြှင့်

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၃၀ အား Mitsubishi UFJ Financial Group(MUFG) မှ ပညာသင်ဆု ချီးမြှင့်ခဲ့သည်။
 
အဆိုပါ ပညာသင်ဆုသည် Mitsubishi UFJ Foundation မှ အာရှတွင် ထူးချွန်ပညာတတ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့အတွက် ကူညီထောက်ပံ့ရန် ၁၉၈၁ ခုနှစ်မှစတင်ကာ   ပေးအပ်ချီးမြှင့်သည့် ဆုဖြစ်သည်။

စီးပွားစီမံ၊ ပြည်သူ့စီမံရေးရာ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စာရင်းကိုင်နှင့် ဖွံ့ဖြိုးရေးသုတေသန ဘာသာရပ်များတွင် ထူးချွန်ခဲ့သည့် ကျောင်းသားများအား မတ် ၂၆ ရက်က ပညာသင်ဆုပေးအပ်ခြင်းဖြစ်သည်။

ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားသို့ Bank of Tokyo-Mitsubishi UFJ Ltd.(BTMU) ရန်ကုန်ရုံးခွဲမှ အထွေထွေမန်နေဂျာ Mr.Mitsuhiro Kimura က ကိုယ်စားပြုတက်ရောက်ခဲ့သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးနှင့်အတူ ပါမောက္ခများ၊ ဌာနအကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပညာသင်ဆုအား BTMU ကတစ်ဆင့် ရန်ကုန်တွင် ပေးအပ်ချီးမြှင့်လာခဲ့သည်မှာ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်ပြီး ၂၀၁၆ မတ်လအထိ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်း သူပေါင်း  ၃၆၀ ကို ပညာသင်ဆု ချီးမြှင့်ပေးအပ်ထားပြီးဖြစ်သည်။
 
BTMU အနေဖြင့် ၂၀၁၅ ဒီဇင်ဘာ ၁ ရက်က Myanmar Institute of Banking MIB တွင် ကွန်ပြူတာနှင့် ဘာသာစကားဓာတ်ခွဲခန်းကို ဖွင့်လှစ်ခဲ့သည်။ ယင်းသုတေသနဓာတ်ခွဲခန်းတွင် ကွန်ပြူတာ လက်တော့ပ် အလုံး ၅၀ နှင့် ဘာသာစကားလေ့ကျင့်ရေးရင်းမြစ်များကို ထားရှိပေးကာ MIB အဖွဲ့ဝင်များအတွက် ကျွမ်းကျင်မှု တိုးတက်ရေး ဖြည့်ဆည်းပေးထားခြင်းဖြစ်သည်။
 
BTMU သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ဧပြီလအတွင်းက တရားဝင် ဘဏ်ခွဲဖွင့်လှစ်ခဲ့သည့် ပထမဆုံးနိုင်ငံခြားဘဏ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly