ကြံခင်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး မီးလောင်သေဆုံး

By မင်းထက် (မဇ္စျိမ)
04 June 2023
ကြံခင်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး မီးလောင်သေဆုံး

ဧရာဝတီတိုင်း၊  ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ယနေ့ ဇွန်လ ၄ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရ သည်။zမီးလောင်မှုတွင် အိမ်ပိုင်ရှင်၏ယောက်ဖဖြစ်သူ မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မီးစလောင်တော့ အိမ်ရှင်ရဲ့ယောက်ဖက ပျောက်နေသလိုလို၊ အပြင်ထွက်သွားသလိုလိုနဲ့ မီးထဲမှာ အလောင်းတွေ့ တော့မှ သေပြီဆိုတာသိရတာပါ”ဟု ဒေသခံတဦးကပြောသည်။

မီးအားမြှင့်စက်အပူလွန်ကဲရာမှ အနီးရှိ ကုန်ခြောက်ပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်သည် ဟု ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူက ပြောသည်။

မီးလောင်ကျွမ်းသည့်နေအိမ်မှာ ကြံခင်းမြို့နယ် မီးသတ်စခန်းနှင့် နှစ်ဖာလုံခန့်ကွာဝေးပြီး မီးစတင်လောင် ကျွမ်းပြီး မိနစ်အနည်းငယ်တွင် ကြံခင်း၊ ဘက်ရဲ၊ မြန်အောင်မြို့နယ်တို့မှ မီးသတ်ယာဥ်များနှင့် ရေသယ် ယာဥ်များအပြင် ဒေသခံများပါ လာရောက်မီးငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနက ဆိုသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် အဆိုပါနေအိမ်ရှိ ကုန်စုံဆိုင်တို့ ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁,၁၂၀,၀၀ဝ ကျပ်ရှိသည်ဟုလည်း  ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင်အား ကြံခင်းမြို့နယ် ရဲစခန်းမှ ပုဒ်မ -၂၈၅၊ ၃၀၄ (က)၊ ပ-၂၅/၂၀၂၃ ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေသည်ဟု သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#ဧရာဝတီတိုင်း
#ကြံခင်းမြို့
#မီးလောင်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly