ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
04 June 2023
ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်း ပျူစောထီးရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်မသိရသေးကြောင်း ချင်း တွင်းတိုးနယားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“လက်နက်ကြီးတွေ ဖြစ်တဲ့ ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ တွေ၊ တစ်ဖက်ပွင့်ပြောင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရန်သူ့တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမဲ့ အသေးစိတ်မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား၊ ယင်းမာပင်ခရိုင် အမှတ်-၂၉ တပ်ရင်း၊ စွန်ရဲ၊ ဗျတ္တညီနောင်၊ သခင်ဒေါင်းညို ၊ CGRF နှင့် JHRF တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲကြောင်း သိရပါသည်။

ဇီးဖြူကုန်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ရှိ ရင်ပေါင်တိုင်ကျေးရွာအပါ အဝင် အခြားကျေးရွာများမှ ဒေသခံများ၏ပစ္စည်းများကို လုယက်ဖျက်ဆီးခြင်းများ မကြာခဏ ပြုလုပ် လျက် ရှိ ကြောင်း သိရသည်။
 

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#ပျူစောထီးကျေးရွာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required