သပိတ်ကျင်းမြို့နယ် ပုဏ္ဏားကြီးရွာရှိ ပျူများကို ကာကွယ်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးဆိုသူ ၃ ဦး အရှင်ဖမ်းမိ

By MTO (မဇ္ဈိမ)
02 June 2023
သပိတ်ကျင်းမြို့နယ် ပုဏ္ဏားကြီးရွာရှိ ပျူများကို ကာကွယ်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးဆိုသူ ၃ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ် ပုဏ္ဏားကြီး‌ကျေးရွာရှိ ပျူစောထီးဆိုသူများကို ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ကြဲချပြီးနောက် ကျေးရွာအတွင်းသို့ အဖွဲ့ နှစ်ဖွဲ့ခွဲ ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းက ပျူစောထီးဆိုသူ သုံးဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့ ဦးဆောင်သူ ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

“ပျူ(ပျူစောထီး)တွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းအရာတွေကို စစ်ဆေးမေးမြန်းပြီတော့ သူတို့အပြစ်ပေါ်မူတည်ပြီး အပြစ်ပေး အရေးယူ ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ပုဏ္ဏားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရာ ပျူစောထီးစာရင်း စာအုပ်၊ တူးမီး နှစ်လက်၊ တူးမီးယမ်း ဆက်စပ်ပစ္စည်းများ၊ 7.62 ကျည် နှင့် ကျည်ဘောက်၊ 120mm ပို့ယမ်း နှင့် ဓားနှစ်လက်တို့ကို သိမ်းဆည်းရမိကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားသည်။

“ပထမအကြိမ်တုန်းက ဖမ်းမိပြီး ကောင်းကောင်းမွန်မွန် နေပါ့မယ်ဆိုတဲ့ အတိုင်းအတာနဲ့ ပြစ်မှုကို လျှော့ပေါ့ အရေးယူ ဆောင်ရွက်ခဲ့တယ်။ အခုအကြိမ်မှာ အဲ့လူတွေကပါ ပါဝင်ပြီးတော့ ပျူစောထီးဖြစ်နေတဲ့ကဏ္ဍတွေရှိတယ်။ အဲဒါကြောင့် ဒီရွာကို ဒုတိယအကြိမ် ထပ်မံပြီးတော့ တိုက်ခိုက်ရတာ ဖြစ်တယ် “ ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ပထမတစ်ကြိမ် တိုက်ခိုက်ခဲ့စဉ်က ဖမ်းဆီးရမိပြီး ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည့် ပျူစောထီးဆိုသူများ ပြန်လည်ပါဝင်နေကြောင်း ဗိုလ်ဇီးရိုးဝမ်းက ရှင်းပြသည်။

ယခုတိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ ( ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ဇင်ယော် PDF တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့ နှင့် Northern Tigers Group တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း

#သပိတ်ကျင်းမြို့နယ်

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly