ရေစကြိုမှာ စစ်ကောင်စီတပ်ကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက် ၆ ဦးထက် မနည်းသေဆုံး

By MTO (မဇ္ဈိမ)
02 June 2023
ရေစကြိုမှာ စစ်ကောင်စီတပ်ကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက် ၆ ဦးထက် မနည်းသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၌ ဇွန်လ ၁ ရက်နေ့တွင်  စစ်ကောင်စီတပ်ကို တစ်ရက်တည်း သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင် ခလရ(၂၅၈) မှ အင်အား ၄၀ ခန့်သည် တောင်အိုတာတိုင်ဂိတ်သို့ အသွား ကံသစ်နှင့်ကြီးကံ ကျေးရွာအကြားတွင် တပ်ဆင်ထားသည့် မိုင်းကို တွေ့ ရှိခဲ့ပြီးနောက် မိုင်းရှင်းလင်းနေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “  သူတို့တွေ မိုင်းကို တွေ့သွားပြီ ဖြုတ်နေတာ၊ ဖြုတ်တဲ့ အချိန်မှာ ကျတော်တို့က ၁၈လုံး အတွဲကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ အဲ့အချိန်မှာ ကျတော်တို့ ရဲဘော်တွေ မြင်ခဲ့တာက ခြောက်ယောက်လောက်က နေရာမှာတင်သေတယ်လို့ သိရတယ် ။ တချို့ကိုလည်း ကားပေါ်ကို ဆွဲတင်သွားရတာတွေ ရှိတယ် “ ဟုပြောသည်။
    
ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် မနက် ၁၁ နာရီတွင် အောင်မိုးလမ်းဆုံတွင် ကင်းပုန်းဝပ်ပြီး ပြန်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တစ်စီးကို အောင်မိုင်းလမ်းဆုံ၏ အရှေ့ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“  ငါးလုံးတွဲ မိုင်း နှစ်တွဲနဲ့ အားလုံးပေါင်း ၁၀ လုံး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ အဲ့မှာတော့ သူတို့ကလည်း ကားနဲ့ ပြန်တဲ့အချိန်ဆိုတော့ သေဆုံးထိခိုက်တဲ့ အခြေအနေကိုတော့ မသိရဘူး ‘ ဟု ၎င်းက  ပြောသည်။

တတိယအကြိမ်တိုက်ခိုက်မှုကို နေ့လယ် ၂ နာရီ အချိန်တွင် ရေစကြိုမြို့ပေါ်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ရေစကြိုမြို့အဝင်နားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ အဖွဲ့ ထံမှ သိရသည်။

“ ရေစကြို မြို့အဝင် ဘက်စုံကွေ့အနားအရောက်တွင် သုံးလုံးတွဲ မိုင်း နှစ်တွဲဖြင့် တိုက်ခိုက်ခဲ့တာပါ ။ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရဘူး “ ဟု ပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တာဝန်ရှိသူက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly