တေးသံရှင်ဗျူဟာကို မေလ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်

By ဂျူချန်း (မဇ္ဈိမ)
28 May 2023
တေးသံရှင်ဗျူဟာကို မေလ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်

တေးသံရှင်ဗျူဟာအား ဖမ်းဆီးခံရပြီးငါးရက်အကြာတွင် မိသားစုနှင့် အဆက်အသွယ်ပြန်ရ ကာ မနက်ဖြန် မေလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း မိသားစုဝင်တဦးထံမှ သိရသည်။

တေးသံရှင်ဗျူဟာမှာ ကျန်းမာစွာရှိနေကြောင်းသိရပြီး အွန်လိုင်းပေါ်တွင် သတင်းမှားများမဖြန်ဝေကြရန် မိသားစုမှ မေတ္တာရပ်ခံထားသည်။ 

ဖမ်းဆီးခံရပြီးနောက် နှစ်ရက်အကြာ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တေးသံရှင်ဗျူဟာစစ်ကြောရေး၌ သေဆုံးသွားပြီဟု အိမ်နီးချင်းဆိုသော အမျိုးသမီးတဦးက လူမှုကွန်ရက်တွင်ဖော်ပြခဲ့ပြီးနောက် ကောလာ ဟလများထွက်ပေါ်ခဲ့သည်။

ယနေ့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဇနီးဖြစ်သူနှင့် တွေ့ခွင့်ပေးပြီး မနက်ဖြန် မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်ရမည်ဖြစ် ကြောင်း တေးသံရှင်ဗျူဟာ၏ မိသားစုဝင်တဦးက ပြောသည်။

“မနက်ဖြန်မနက် ၁၀ နာရီမှာ မြောက်ဒဂုံမြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်လို့ သိရပါတယ်။ ဗျူဟာကို သူ့ ဇနီးနဲ့တွေ့ခွင့်ပေးတယ်။ ပုဒ်မ ၅၀၅(က)နဲ့စွဲမယ်လို့ အကြောင်းကြားထားပါတယ်”ဟု အဆိုပါ မိသားစုဝင် ကမဇ္ဈိမကိုပြောသည်။

တေးသံရှင်ဗျူဟာအား လက်ရှိတွင် စစ်ကြောရေးမှ ရန်ကုန်တိုင်း မြောက်ဒဂုံ(၄၅) ရဲစခန်းသို့ ပြောင်းရွှေ့ ထားကြောင်း သိရသည်။

တေးသံရှင်ဗျူဟာသည် မေလ ၂၃ ရက်နေ့ ညနေပိုင်းကတိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်၌ လျှပ်စစ်မီး ပုံမှန်မရရှိမှုအကြောင်းကိုဝေဖန်ခဲ့သဖြင့် မေလ ၂၄ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီမှ ၎င်းနေထိုင်ရာ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ထားကာ ငါးရက်ကြာပြီးမှ အဆက်အသွယ် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly