ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ မေလ ၁၄ရက်နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ဆန်ဆိုင်းရပ်ကွက်ရှိ အိမ်တစ်လုံးပေါ်သို့ မြေပြိုကျခဲ့ရာ အိမ်အတွင်း အိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ဝမ်မိုင်ရပ်ကွက်သစ်အနီးရှိ နေအိမ်ပေါ်သို့ ယနေ့နံနက် ၃နာရီခန့်က မြေပြိုကျခဲ့ခြင်းဖြစ်သည်။
" ဒီနေ့ မနက် ၃ နာရီကျော်လောက်က ဖြစ်တာပါ။ မြေပြိုတာပေါ့။ သူတို့ အိပ်ပျော်နေတဲ့အချိန် အထက်က မြေပြိုကျတာပေါ့" ဟု ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တာချီလိတ်မြို့ တွင် ယမန်နေ့ မေလ ၁၃ ရက်နေ့ ညကတည်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မေလ ၁၄ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့်
အသက် ၂၃ နှစ်အရွယ် မောင်နေအောင်
နှင့် အမျိုးသမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် မမဇလပ်ဖြူတို့ သေဆုံးကြောင်း ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
ယနေ့ ညနေတွင် ရခိုင်ကမ်းရိုးတန်းသို့ဝင်ရောက်နေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ နေရာကွက်မိုးကြီးနိုင်သည်ဟု
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ ကုန်းမြင့်ဒေသများ၌ ပုံမှန်ထက်မိုးကြီးပါက မြေပြိုမှု ဘေးအန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကသတိပေးသည်။
မုန်တိုင်းအရှိန်ကြောင့် နေပြည်တော် ၊ ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ ယနေ့ မေလ ၁၄ရက်နေ့ နံနက် ၈နာရီဝန်းကျင်ကလည်း ပြင်ဦးလွင်အနီးစခန်း ရဲကင်းရှေ့နားတွင် သစ်ပင်လဲကျရာ ထိုနေရာသို့ရောက်ရှိနေသော အမျိုးသားတစ်ဦးသည် ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း တုသိတာလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး