ULA/AA အနေဖြင့် မုန်တိုင်းဝင်ရောက်မည့် ဒေသမှ ပြည်သူ ၁၀၁,၉၉၉ ဦးအား ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ဦးခိုင်သုခပြော

By ဂျူချန်း (မဇ္ဈိမ)
14 May 2023
ULA/AA အနေဖြင့် မုန်တိုင်းဝင်ရောက်မည့် ဒေသမှ ပြည်သူ ၁၀၁,၉၉၉ ဦးအား ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ဦးခိုင်သုခပြော

ရခိုင်မျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံရနိုင်သည့် မြေနိမ့်ပိုင်း၊​ပင်လယ်ကမ်းနားနှင့် နီးသည့် ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းထားခဲ့ရာ လက်ရှိတွင် ဒေသခံပြည်သူ ၁၀၁,၉၉၉ ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခ မဇ္ဈိမကိုပြောသည်။

“အခုနောက်ဆုံး ကျနော်တို့ဆီကို Update ရောက်လာတဲ့အခါကျတော့ ရခိုင်ပြည်အနှံ့မှာ ကျနော်တို့ ပြောင်းရွှေ့ထားတဲ့ လူဦးရေက ၁၀၁,၉၉၉ ယောက် ရှိနေပြီ။ အခု ကျနော်စကားပြောနေတဲ့အချိန်အထိ ပြောင်းရွှေ့ပြီးတဲ့ လူဦးရေက ၁၀၁,၉၉၉ ယောက် ရှိနေပြီ” ဟု ဦးခိုင်သုခက ပြောသည်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်း အသိပေးချက်အား ULA/AA မှ မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသများမှ သက်ကြီးရွယ်အို၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် မသန်စွမ်းများကို ဦးစားပေးကာ ဒေသခံပြည်သူများအား ပြောင်းရွှေ့ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ရွှေ့ပြောင်းမှုတွေကို ကျနော်တို့ မေလ ၁၀ ရက်နေ့ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ဒီနေ့ဆိုလို့ရှိရင်အထိတော့ လေးရက်ရှိပြီပေါ့နော်။ ၁၀၊ ၁၁၊ ၁၂၊ ၁၃ လေးရက်ဆက်တိုက် ကျနော်တို့ ပြောင်းရွှေ့မှုတွေလုပ်နေပါတယ်။ အထူးသဖြင့်တော့ မြေပုံ၊ မင်းပြား၊​ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော အဲ့ဒီက ဒေသခံ ပြည်သူတွေကို ကျနော်တို့ ဦးစားပေးပြီးတော့မှ ကျနော်တို့ ပြောင်းရွှေ့နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခ က မဇ္ဈိမ၏ ဆိုင်ကလုန်း"မိုခါ"အရေးပေါ်တုံ့ပြန်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောသည်။

ထို့အပြင် ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိနေသည့် ပြည်သူများအတွက်လည်း လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိရာ မုန်တိုင်းရှောင်ပြည်သူများအတွက် စားသောက်ရေး၊ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် "မိုခါ"မုန်တိုင်း အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းကာ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“မုန်တိုင်းရှောင်ပြည်သူတွေရဲ့ စားရေးသောက်ရေး၊ တည်းခိုနေထိုင်စရာတွေကို ကျနော်တို့ဘက်ကနေပြီးတော့မှ စီစဉ်ပေးနေတာရှိတယ်။ အဓိကကတော့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ဘက်က ကူညီလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ မိုခါမုန်တိုင်း အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဖွဲ့စည်းပြီးတော့မှ အဆက်ဆက် စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

"မိုခါ"ဆိုင်ကလုန်းမုန်တိုင်းသည် မနက်ဖြန် မေလ ၁၄ ရက်နေ့ နေ့ခင်းပိုင်းခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးသို့ တစ်နာရီ ၁၁၂ မိုင်နှုန်းခန့်ဖြင့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှ ဖော်ပြထားသည်။

ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Global Disaster Alert and Coordination SYSTEM-GDACS) မှလည်း မြန်မာနိုင်ငံမှ လူဦးရေစုစုပေါင်း ၅.၄ သန်းမုန်တိုင်းဒဏ် ခံရနိုင်ခြေရှိရာ ထိုအထဲတွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ခန့်သည် အန္တရာယ်ရှိသည့် လေပြင်းတိုက်ခတ်မှုကို ခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မိုခါ

#ဆိုင်ကလုန်း

#မုန်တိုင်း

#အသိပေးချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly