မလေးရှားနိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးတွင် လက်လီရည်ရွယ်ချက်များအတွက် ပလတ်စတစ်အိတ်များ သုံးစွဲခြင်းကို ၂၀၂၅ ခုနှစ်ထက်နောက်မကျဘဲ ပိတ်ပင်သွားရန် အစိုးရက ရည်မှန်းထားကြောင်း သဘာဝရင်းမြစ်၊ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မလေးရှားဝန်ကြီးက ပြောသည်။
“ပလတ်စတစ်အိတ် ကင်းစင်ရေး” ကမ်ပိန်းကို အဆင့်အလိုက် ဆောင်ရွက်ထားပြီး စူပါမားကတ်များနှင့် ဈေးဆိုင်အချို့ကဲ့သို့ မရွှေ့မပြောင်းနိုင်သော စီးပွားရေးလုပ်ငန်းနေရာများဖြင့် စတင်လျက် ရှိကြောင်း မစ္စတာ နစ် နာဇ်မီ အာမတ်က ပြောသည်။
ယခုကမ်ပိန်းတွင် ရုပ်ပိုင်းဆိုင်ရာ အထည်ဒြပ်တွေ့မြင်ရသည့် ဈေးဆိုင်နေရာအားလုံး၌ ၂၀၂၅ ကို နောက်ဆုံးထား၍ အကောင်အထည်ဖော်ပြီးနောက် တခြားသော စီးပွားရေးလုပ်ငန်းနေရာများဆီ တိုးချဲ့သွားမည် ဖြစ်သည်။
ပြည်နယ်အစိုးရအသီးသီးက ဦးဆောင်သည့် ယခု အစီအစဉ်သည် နိုင်ငံတွင် တစ်ခါသုံး ပလတ်စတစ်ကြောင့် ဖြစ်ပေါ်သည့် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းမည့် ရေရှည် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။
ယခု အစီအစဉ်ကို မိတ်ဆက်ထားသည့် ပြည်နယ်များတွင် ဆီလန်ဂေါ၊ ပီနန်၊ ဂျိုဟာနှင့် နီဂရီ ဆမ်ဘီလန် တို့ ပါဝင်သည်။
လက်ရှိတွင် ပိတ်ပင်ချက်ကို စူပါမားကတ်များ၊ မီနီမားကတ်များနှင့် အမျိုးမျိုးသော ဈေးဆိုင်များကဲ့သို့ နေရာများအပေါ်တွင်သာ သက်ရောက်သည် ဆိုသော်လည်း မကြာမီ ယခု ပိတ်ပင်ချက်သည် လမ်းဘေးဈေးဆိုင်များအပေါ်တွင်လည်း သက်ရောက်လာမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးက ပြောသည်။
မေလ ၉ ရက်က ကလန်းပြည်နယ်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ရပ်၌ မိန့်ခွန်းပြောရာတွင် မိမိတို့၏ ရည်ရွယ်ချက်က အပြစ်ဖောက်ဖျက်ကျူးလွန်သူများကို ဒဏ်ရိုက်ရန် သက်သက်မဟုတ်ဘဲ ပလတ်စတစ်အိတ်များ အသုံးပြုခြင်းကို ရပ်ဆိုင်းစေရေး မက်လုံးတစ်ခု ပေးရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။
များမကြာမီ နောက်ထပ်အသေးစိတ်ကို ကြေညာမည်ဟု ၎င်းက ပြောသည်။
“ပလတ်စတစ် ညစ်ညမ်းမှုအပေါ် စီမံထိန်းသိမ်းမှုက အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ မလေးရှားဟာ ကမ္ဘာပေါ်မှာ ဒီပြဿနာနဲ့ အဓိက ရင်ဆိုင်နေရတဲ့ ၁၀ နိုင်ငံထဲမှာ ပါနေတယ်”
“ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ရဲ့ အစီရင်ခံစာတစ်ရပ်အရ မလေးရှားဟာ ၂၀၂၀ မှာ အစားအစာ ထုတ်ပိုးမှုတစ်ခုတည်းအတွက်နဲ့ ပလတ်စတစ် မက်ထရစ်တန် ၁၄၈,၀၀၀ အထိ အသုံးပြုခဲ့တယ်လို့ ဆိုတယ်။ ဒါဟာ ဂုဏ်ယူရမယ့် မှတ်တမ်း မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
Malaysia to impose total ban on plastic bags by 2025
https://www.straitstimes.com/asia/se-asia/malaysia-to-impose-total-ban-o...