ချင်းပြည်နယ်တွင် ၂ လအတွင်း လေကြောင်မှဗုံးကြဲချခံရ၍ ၂၄ ဦးသေဆုံး

By ပါခွီး (မဇ္ဈိမ)
09 May 2023
ချင်းပြည်နယ်တွင် ၂ လအတွင်း လေကြောင်မှဗုံးကြဲချခံရ၍ ၂၄ ဦးသေဆုံး

ချင်းပြည်နယ်တွင် မတ်လနှင့်ဧပြီလအတွင်း စစ်ကောင်စီလေတပ်က ဗုံး ၁၂၁ လုံး ကြဲချသည့် အတွက် ၂၄ ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။

ချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်စသည့်မြို့နယ်ငါးမြို့နယ်အား မတ်လတွင် ၃၄ ကြိမ်နှင့် ဧပြီလတွင် ၈၇ ကြိမ် စုစုပေါင်း ၁၂၁ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ အဆိုပါ ငါးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ဗုံး ၂၂ လုံးနှင့် ကျေးရွာများအနီးသို့ ဗုံး ၉၉ လုံး ကြဲချ ခဲ့ခြင်းဖြစ်ကြာင်း ဖော်ပြထားသည်။

ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် ဒေသခံ၂၄ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရစ်ယာန်ဘုရားကျောင်းလေးခု အပါအဝင် လူနေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း CNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ် ဟားခါးမြို့သို့ ကလေး - ဖလမ်း လမ်းမှတဆင့် ရိက္ခာနှင့်စစ်အင်အားဖြည့်တင်းရန် ထွက်ခွာ လာနေသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပါ ယာဉ်တန်းအားလုံး ပျက်စီးမှုရှိသည်ဟု သိရသည်။

ထို့ပြင် ဂန့်ဂေါမှဟားခါးသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်လျက်ရှိရာ ချင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် အသေအပျောက်များရှိကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထို့သို့ တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲနှင့်မသက်ဆိုင်သော အနီးနားရှိ ကျေးရွာများ ကို လေကြာင်းမှ တိုက်ခိုက်လေ့ရှိဟုလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#စစ်ကောင်စီ

#လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly