မြန်မာ့အရေး တရုတ်ဦးဆောင်လာကြောင်; ISP Myanmar ထုတ်ပြန်

မြန်မာ့အရေး တရုတ်ဦးဆောင်လာကြောင်; ISP Myanmar ထုတ်ပြန်

တရုတ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စတာချင်ဂန်းရဲ့ နေပြည်တော်ခရီးစဉ်အပါအဝင် အခုနှစ်ထဲ တရုတ်ဘက်က စစ်ကောင်စီနဲ့ ခပ်စိပ်စိပ် ထိတွေ့ဆက်ဆံမှုတွေဟာ နိုင်ငံချင်းဆက်ဆံရေးအဆင့်မှာ တရုတ်ရဲ့ မူဝါဒအထိုင်သစ် ပြန်ချတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar ကစာတမ်းထုတ်ပြန်လာပါတယ်။

မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေက အမြဲအာရုံစိုက်ဝင်ပါနေရာကနေ အာဆီယံဗဟိုပြုဖြစ်တဲ့ ဒေသတွင်းအရေးဖြစ်အောင် တရုတ်က ထိန်းညှိခဲ့ရာကနေပါ နောက်ထပ်တဆင့်အနေနဲ့ အိမ်နီးချင်းနိုင်ငံအချင်းချင်း ဝိုင်းကူရမယ့်ကိစ္စ၊ အိမ်နီးချင်းသံတမန်ရေး အားထုတ်မှုဖြစ်အောင် ဦးတည်လာတယ်လို့ ထောက်ပြထားပါတယ်။

ဒါကတော့ အလွတ်သဘော Track 1.5 အစည်းအဝေးတွေကနေ အဖြေရှာဖို့ အထူးသဖြင့် မြန်မာ့အကျပ်အတည်းသက်ရောက်မှုကို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်တွဲလုပ်လာတာတွေ ဖြစ်တယ်လို့ ISPက ပြောပါတယ်။

မြန်မာ့အရေးအတွက် နိုင်ငံရေးထွက်ပေါက်သစ်ကို မြန်မြန်ရှာစေချင်တာဟာ တရုတ်ရဲ့ မူဝါဒချဉ်းကပ်မှုအသစ်မှာ အဓိကကျလာပုံရပြီး အာဏာသိမ်းစစ်ကောင်စီဟာ ကိုယ့်ထွက်ပေါက် ကိုယ်မရှာနိုင်တာ ဒါမှမဟုတ် ထွက်ပေါက်ရှာဖို့ ငြင်းဆန်နေတဲ့ သဘောဖြစ်နေတာကြောင့် တရုတ်ဟာ ဦးသန်းရွှေလို စစ်ခေါင်းဆောင်ဟောင်းတွေအပါအဝင် အင်အားစုပေါင်းစုံကို တွေ့ဆုံဟန်ချက်ညှိပြီး သူတွန်းချင်တဲ့လမ်းကြောင်းကို ထွင်နေပုံရတယ်လို့ ISP က ကနဦးသုံးသပ်ထားကြောင်း ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ဟာ သူ့အကျိုးစီးပွားတွေကိုပဋိပက္ခနဲ့ ခွာတဲ့ လုပ်ဆောင်ချက်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့အပြင် သူတို့ရဲ့ မဟာဗျူဟာမြောက် အခင်းအကျင်းတွေအားလုံး အဆင်သင့်ဖြစ်ချိန်မှာ အခုလိုမြန်မာနိုင်ငံခရီးစဉ်တွေ ဆက်တိုက်ဖြစ်လာတာလို့ ISP က သုံးသပ်ထားပါတယ်။

ISP Myanmar ရဲ့ အချက်အလက်အရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တရုတ်အကြား ထိတွေ့ဆက်ဆံမှု ၁၄ ကြိမ်ရှိခဲ့ပြီး အခုနှစ် ၂၀၂၃ ငါးလတာအတွင်း ၇ ကြိမ်အထိ ဆက်ဆံရေးရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly