နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်က ပြည်သူများအပေါ်သတ်ဖြတ်နေခြင်းကို ရပ်တန့်မှာမဟုတ်ကြောင်း ကုလသံအမတ်ကြီး သတိပေး

နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်က ပြည်သူများအပေါ်သတ်ဖြတ်နေခြင်းကို ရပ်တန့်မှာမဟုတ်ကြောင်း ကုလသံအမတ်ကြီး သတိပေး

စစ်တပ်သည် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဦးကျော်မိုးထွန်းက  ကုလလုံခြုံရေးကောင်စီကို ပြောကြားလိုက်ပါတယ်။

ကုလလုံခြုံရေးကောင်စီအတွင်း ပဋိပက္ခတစ်ခုဖြေရှင်းရေးမှာ မတူညီသောအမြင်များ ရခြင်းကို နားလည်ပေမယ့်  လုံခြုံရေးကောင်စီအနေနဲ့ စစ်တပ်က အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေမှုများအပေါ် ရှုတ်ချမှု၊ အပြစ်ကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် ဆောင်ရွက်မှု၊ ပြည်သူများအသက် ထပ်မံဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ်ပေးမှုများကို ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း၊ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ၏ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ရေး ခေါင်းစဉ်အောက်မှ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို မေလ ၃ ရက်တွင် ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ ဘာကိုမျှော်လင့်နိုင်မလဲလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကောင်စီမှာ မေးထွန်းထုတ်လိုက်ပါတယ်။

စစ်တပ်ရဲ့ အရပ်သားပြည်သူများ အပေါ် လူမဆန်သောသတ်ဖြတ်မှုများကို လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ပြီး ကောင်စီရဲ့ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ရဲ့ နောက်ဆက်တွဲအဖြစ် ထိရောက်သောလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးရန် သံအမတ်ကြီးက လုံခြုံရေးကောင်စီကို တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly