စစ်ထောက်လှမ်းရေး သေနတ်ဖြင့် ပစ်သတ်ခံရ

By မင်းထက် (မဇ္စျိမ)
06 May 2023
စစ်ထောက်လှမ်းရေး သေနတ်ဖြင့် ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးကျေးရွာ၊ နတ်မော်လမ်းမပေါ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာ ဟင်္သာတမြို့၊ နတ်မော်တိုက်နယ်၊ နတ်ချောင်းကျေးရွာတွင်နေထိုင်ပြီး စရဖ တပ်ဖွဲ့တွင် တပ်ကြပ်ကြီး အဆင့်ရှိသူ ဦးအောင်ထိုက်(ခ)ရဲရင့်ဆိုသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖြစ်စဥ်မှာ မေလ ၅ ရက်နေ့၊ ည ၇ နာရီခန့်အချိန်က နတ်မော်လမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းလာသည့် စရဖ မှ ဦးအောင်ထိုက်(ခ)ရဲရင့်နှင့် ၎င်း၏အဖော်ဖြစ်သူတို့ကို မဟူရာတွေ့မရှောင် ဒေသကာကွယ်ရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

"အောင်ထိုက်က သူ့အဖော်တစ်ယောက်နဲ့ ဆိုင်ကယ်တစ်ယောက်တစ်စီးမောင်းလာတဲ့အချိန် ကုန်းကြီးအုပ်ချုပ်ရေးမှူးရုံးနားမှာ ကျွန်တော်တို့ဘက်ကပစ်ခဲ့တာပါ။ အောင်ထိုက်ကတော့ ပွဲချင်းပြီးသေတယ်။ သူ့အဖော်ကတော့ မောင်းပြေးသွားပါတယ်"ဟု ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ရာ ဦးအောင်ထိုက်၏ ဦးခေါင်းနှင့် လည်ပင်းနေရာများအား ကျည်ထိမှန်သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

သေဆုံးသူ ဦးအောင်ထိုက်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူများနှင့် CDM များအားဖမ်းဆီးခြင်း၊ တော်လှန်ရေးအဖွဲ့များ၏ သတင်းများအား စုံစမ်းကာ ဖမ်းဆီးခြင်းများကို ပြုလုပ်နေသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"တခြားလူတော့မပြောနဲ့ ထွေအုပ်နဲ့ ရဲတွေကတောင် အောင်ထိုက်ကိုကြည့်လို့မရဘူး။ သေသွားတယ်ဆိုတော့ ပျော်ကြမှာသေချာတယ်။ မြို့ကိုလည်းတော်တော်ဒုက္ခပေးတဲ့လူပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်ထိုက် ပစ်ခတ်ခံရပြီး တစ်နာရီခန့်အကြာတွင် အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး သေဆုံးသူ ဦးအောင်ထိုက်၏ အလောင်းအား ဟင်္သာတဆေးရုံရှိ ရင်ခွဲရုံသို့ သယ်ဆောင်သွားကြကြောင်း ၎င်းကဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်များနှင့် ရဲများက အခင်းဖြစ်ရာနေရာနှင့် ဟင်္သာတမြို့ဝင် မြို့ထွက်ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးကာ ခြောက်လှန့်ပစ်ခတ်မှုများပြုလုပ်ပြီး ကုန်းကြီးကျေးရွာနေ ဒေသခံနှစ်ဦးအား ဖမ်းဆီးသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဟင်္သာတမြို့

#စရဖ

#နတ်မော်တိုက်နယ်

#ဒေသကာကွယ်ရေးအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly