ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် NLD ရုံးရှိဆိုင်းဘုတ်များနှင့် ဘန်နာ(ဗီနိုင်း)များကို စစ်ကောင်စီတပ်များ၊ ရဲများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ယမန်နေ့ မေလ ၅ ရက်၊ နံနက် ၉ နာရီခန့်အချိန်က ဖျက်ဆီးသွားကြောင်းသိရသည်။
စစ်ကောင်စီတပ် ၊ရဲတပ်ဖွဲ့ ၊ ထွေအုပ် ၊ မီးသတ်၊ စည်ပင်နှင့် ပြန်/ဆက်ဝန်ထမ်း စုစုပေါင်း ၃၀ ခန့်က ဇလွန် NLD ရုံးခြံတံခါးများကို ရိုက်ဖွင့်ပြီး ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဇလွန်မြို့နယ် NLD မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
"မီးသတ်က ကျော်စိုးက ခြံတံခါးနဲ့ ရုံးတံခါး၊ တံခါးတွေကို ရိုက်ဖျက်ပြီး အထဲက ဆိုင်းဘုတ်တွေအကုန်လုံးကို စစ်တပ်နဲ့ရဲတွေက ဖျက်ဆီးသွားတာပါ။ အဲ့လို ဖျက်ဆီးတာကို ပြန်ဆက်က ဝေယံက မှတ်တမ်းယူထားတယ်"ဟု ၎င်းကဆို သည်။
ဇလွန်မြို့နယ် NLD ရုံးအား စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခန့်အထိ ပါတီတာဝန်ရှိသူများက ရုံးဆက်လက်ဖွင့်ထားခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်များနှင့်ရဲများက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီးခဲ့သည့်အတွက် အဆိုပါ ရုံးအား သော့များခတ်ကာ ပါတီဝင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် စစ်အုပ်စုနှင့် ရဲများ၏ ဝင်ရောက်ဖျက်ဆီးမှုကိုခံခဲ့ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူက ဆက်လက်ပြောသည်။
"ပြည်သူလူထုက ထောက်ခံလို့ ရွေးကောက်ပွဲမှာ မဲအပြတ် အသတ်နဲ့ အနိုင်ရခဲ့တဲ့ပါတီကို ဒီလိုလုပ်တယ်ဆိုတာ ပြည်သူကိုစော်ကားတာနဲ့ အတူတူပါပဲ။ သူတို့(စစ်ကောင်စီ)ဘယ်လိုပဲဖျက်ဖျက် ပြည်သူရှိနေရင် ပါတီရှိပါတယ်"ဟု ၎င်းကဆိုသည်။
အလားတူ ယမန်နေ့ မေလ ၄ ရက်နေ့တွင် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များနှင့် မြို့များရှိ NLD ပါတီရုံးများအား စစ်ကောင်စီတပ်များနှင့် ရဲများကဖျက်ဆီးဝင်ရောက်ပြီး၊ ရုံးအတွင်းရှိ NLD ဆိုင်းဘုတ်များ ဘန်နာများကို ဖျက်ဆီးခဲ့သည်ဟု သက်ဆိုင်ရာမြို့နယ်များရှိ NLD ပါတီတာဝန်ရှိသူများက မဇ္စျိမကိုပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အား မှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ပြောခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို သတ်မှတ်ကာလအတွင်း ပြန်လည်မှတ်ပုံ တင်ရန် ပျက်ကွက်သည့်အတွက် ဖျက်သိမ်းသည်ဟု စစ်ကောင်စီ လက်ပါးစေ UEC ထုတ်ပြန်ကြေညာခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)