မြန်မာသည် ကမ္ဘာပေါ်တွင် သတင်းထောက်များကို ဖမ်းဆီးထောင်ချမှု၌ တတိယအဆိုးဆုံး နိုင်ငံ ဖြစ်နေ

မြန်မာသည် ကမ္ဘာပေါ်တွင် သတင်းထောက်များကို ဖမ်းဆီးထောင်ချမှု၌ တတိယအဆိုးဆုံး နိုင်ငံ ဖြစ်နေ
Photo - AFP

မေလ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို နိုင်ငံတကာက ကျင်းပရန် ရှိစဉ် အကျပ်အတည်းဒဏ်သင့် မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာကောင်းသော အမှန်တရားက မြန်မာသည် ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချမှုနှင့်ပတ်သက်ပြီး ကမ္ဘာ့အဆိုးဆုံး နိုင်ငံများစာရင်းတွင် အီရန်နှင့် တရုတ်ပြီးလျှင် တတိယမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်နေခြင်း ဖြစ်သည်။ တူရကီက စတုတ္ထမြောက် အဆိုးဆုံး ဖြစ်သည်။

ဂျာနယ်လစ်များ အကာအကွယ်ပေးရေး ကော်မတီ (CPJ) ၏ စစ်တမ်း အဆင့်သတ်မှတ်ချက်တွင် မြန်မာသည် အဆိုးဆုံး အဆင့်များကို ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က ကမ္ဘာတွင် ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချသည့် ဒုတိယအဆိုးဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ အဆိုပါ ၂၀၂၁ ၊ဖေဖေါ်ဝါရီတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ ယင်းနောက် အာဏာသိမ်းစစ်အုပ်စုနှင့်ပတ်သက်ပြီး သတင်းရေးသားဖော်ပြမှုများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့သည်။

ဖမ်းဆီးထောင်ချခံထားရသည်ဟု သိရသော မြန်မာသတင်းသမားအရေအတွက်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အနည်းဆုံး ၄၀ ခန့် ရှိပြီး အစောပိုင်းတစ်နှစ်က ပြင်ဆင်ထားသည့် အရေအတွက်ဖြစ်သည့် ၃၀ ထက် ပိုများနေသည်။ နိုင်ငံတွင် ကျန်ရှိနေသည့် အနည်းအကျဉ်းသော လွတ်လပ်သော မီဒီယာသတင်းဌာနများကို နှောင့်ယှက်ရန်နှင့် သတင်းထောက်များကို အသံတိတ်စေရန် စစ်အုပ်စုက အားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း CPJ အရ သိရသည်။

နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မဇ္စျိမ ၊ ဧရာဝတီနှင့် ဒီဗွီဘီ ကဲ့သို့ လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းများမှာ ၎င်းတို့၏ ရုံးများ အတင်းအကျပ် အပိတ်ခံရပြီး နိုင်ငံတွင် ပုန်းလျှိုးကွယ်လျှိုး လျှို့ဝှက်လုပ်ကိုင်ရခြင်းနှင့် ပြည်ပသို့ ထွက်ခွာပြီး လုပ်ကိုင်ရခြင်းတို့ ရှိခဲ့ကာ လက်ရှိအချိန်အထိလည်း ပြည်တွင်းနှင့် နိုင်ငံတကာတွင် ၎င်းတို့၏ ပရိသတ်များကို သတင်းနှင့် အတွေးအမြင်ဆောင်းပါးများကို ဆက်လက် ကြိုးပမ်း တင်ဆက်လျက် ရှိသည်။

သတင်းသမားများကို ပိုမို ပြင်းထန်သော ပြစ်ဒဏ်များ မကြာခဏ ချမှတ်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် သတင်းအဖွဲ့အစည်း အများအပြားသည် ၎င်းတို့၏ ထိန်းသိမ်းခံ ဝန်ထမ်းများနှင့် အလွတ်တန်းသတင်းသမားများကို ဖော်ထုတ်လိုခြင်း မရှိဘဲ ဆက်ရှိနေသည်ဟု CPJ က ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ ထက်ဝက်နီးပါးသည် ၂၀၂၂ ခုနှစ်အတွင်းက ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အများစုသည် “သွေးထိုးလှုံ့ဆော်မှု” နှင့် “သတင်းမှား” များကို ကျယ်ကျယ်ပြန့်ပြန့် ပြစ်ဒဏ်ပေးသည့် အစိုးရကို ဆန့်ကျင်သော ပြဋ္ဌာန်းချက်တစ်ခုအောက်တွင် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ နိုဝင်ဘာလက အခြားသော ဖြစ်စဉ်တစ်ခုတွင် သတင်းထောက် ကိုမျိုးစံစိုးသည် စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်သည်ဟု ဆိုကာ အကြမ်းဖက်မှု စွဲချက်များဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

ဒေသတွင်း အဆင့်တွင် မြန်မာသည် တရုတ်၊ ဗီယက်နမ်နှင့်အတူ ဖမ်းဆီးအကျဉ်းချခံရသော ဂျာနယ်လစ်ဦးရေ အများဆုံး ရှိမှုအဖြစ် စာရင်းသွင်းခံခဲ့ရပြီး ယမန်နှစ်က စုစုပေါင်း ၁၁၉ ဦးအထိ ရှိခဲ့သည်။

သတင်းသမား ၂၁ ဦးကို ဖမ်းဆီးထောင်ချထားသည့် ဗီယက်နမ်သည် လွတ်လပ်သော ဂျာနယ်လစ်ဇင်အပေါ် သည်းခံမှု များစွာမရှိလှကြောင်း ပြသနေပြီး အစိုးရကို ဆန့်ကျင်သော ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများအတွက် ပြင်းထန်သော ပြစ်ဒဏ်များကို ချမှတ်ထားစေသည်။ အောက်တိုဘာလက ဗီယက်နမ်အာဏာပိုင်တို့သည် လီမန်ဟာကို ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခဲ့ပြီး ထိုမတိုင်မီက နေအိမ်အကျယ်ချုပ် ငါးနှစ် ထားရှိခဲ့သည်။ ဩဂုတ်လကလည်း ဗီယက်နမ်သည် အစိုးရ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ အကျိုးစီးပွားကို ထိပါးရန် ဒီမိုကရက်တစ် လွတ်လပ်ခွင့်များကို ချိုးဖောက်မှုအတွက် ဘလော့ဂါ လီ အန်းဟန်ကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ကြောင်း CPJ က ဖော်ပြသည်။ အခြားသော ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် ၂၀၂၂ ခုနှစ် CPJ နိုင်ငံတကာ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု ရခဲ့သည့် ဖန်ဒေါင်ထရန်းလည်း ပါဝင်သည်။ အစိုးရကို ဆန့်ကျင်သော သတင်းများ ဖြန့်ခြင်း သို့မဟုတ် ဖန်တီးခြင်းကို တားမြစ်သည့် ဥပဒေတစ်ရပ်အောက်တွင် ထရန်းသည် ထောင်ဒဏ် ကိုးနှစ် ချမှတ်ခြင်းခံထားရသည်။

ဂျာနယ်လစ် ခုနစ်ဦးကို ဖမ်းဆီးထောင်ချထားသည့် အိန္ဒိယသည် သတင်းမီဒီယာအပေါ် ဆက်ဆံမှုနှင့်ပတ်သက်ပြီး ဆက်လက် ဝေဖန်ခံရလျက် ရှိသည်။ အထူးသဖြင့် သီးခြားအမှုများတွင် တရားရုံးက ညွှန်ကြားသည့် အာမခံများ ရရှိခဲ့သည့် ကက်ရှ်မီးယား ဂျာနယ်လစ်များဖြစ်ကြသော အာဆစ် ဆူလ်တန်၊ ဖာဟတ် ရှားနှင့် ဆာဂျက် ဂူလ်တို့ကို အကျဉ်းထောင်သံတိုင်များနောက်တွင် ဆက်ရှိနေစေရန် ဂျမူးနှင့် ကက်ရှ်မီးယား အများပြည်သူ လုံခြုံရေး အက်ဥပဒေကို အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ဝေဖန်ခြင်း ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly