ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
02 May 2023
ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ သားရိုးကုန်း ကျေးရွာအနီးတွင် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ နံနက် ၉ နာရီ အချိန်တွင် အလစ်အငိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ပျံလွှားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ငါးဦးခန့်သေဆုံးပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုပျံလွှားက ပြောသည်။

“ ခန့်မှန်း စစ်အင်အား ၄၀ လောက် ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကျနော်တို့ဘက်က သာလွန်အင်အား နဲ့ စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်(၂၀ ခန့် ဖြစ်ပွားခဲ့ပြီး မျက်မြင် စစ်သား ငါးဦးသေဆုံးခဲ့တယ်။ ဒီထက်လည်း များနိုင်ခြေ ရှိပါတယ်။ စစ်ကောင်စီစစ်ကြောင်းကတော့ ဘုတလင်မြို့ထဲကို ချက်ချင်းပြန်လှည့်သွားတယ်။ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး လက်နက်ကြီးမှန်ပြီးပေါင်ကျိုးသွားတာတော့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၂၀) ၊ တပ်ရင်း(၁၄) ၊ တပ်ရင်း(၁၆) ၊ တပ်ရင်း(၂၇) ၊ တပ်ရင်း(၂၄ )၊ ကျောင်းသားလက်ရုံးတပ်(S.A.S) ၊ ဘုတလင် ပ.က.ဖ၊ တစ်ကိုယ်တော် ပျံလွှားတပ်ဖွဲ့ နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီ ၃၀ ရက်နေ့တွင်လည်း ဘုတလင်မြို့နယ် ကန်သစ် ကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဘုတလင်မြို့နယ်

#စစ်ကြောင်း

#သားရိုးကုန်းကျေးရွာ

#ပျံလွှားတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly