ဆူဒန်တိုက်ပွဲများ သီတင်း ၃ ပတ်ထဲ ဝင်လာပြီဖြစ်ပြီး နိုင်ငံ ပြိုလဲလာနေပြီဟု ကုလ ပြော

ဆူဒန်တိုက်ပွဲများ သီတင်း ၃ ပတ်ထဲ ဝင်လာပြီဖြစ်ပြီး နိုင်ငံ ပြိုလဲလာနေပြီဟု ကုလ ပြော

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် RSF လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုက တတိယမြောက် သီတင်းပတ်ထဲ ရောက်လာပြီ ဖြစ်ပြီး မြို့တော် ခါတွန်တစ်လွှား၌ စစ်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မြေပြင်၌ ပစ်ခတ်မှုများက ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ တစ်ချိန်တည်းမှာပင် အဆိုပါနိုင်ငံသည် ပြိုကွဲနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက သတိပေးသည်။

စစ်တပ်အကြီးအကဲ အဗ္ဗဒူလ် ဖာတာ့ဟ် အယ်လ်-ဘာဟန် ၏ တပ်ဖွဲ့များနှင့် ၎င်း၏ လက်ထောက်ဖြစ်ခဲ့ဖူးသည့် မိုဟာမက်ဒ် ဟမ်ဒန် ဒက်ဂလို ကွပ်ကဲသော RSF လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဧပြီ ၁၅ ရက်တွင် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားပြီးနောက်ပိုင်း လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးထားခဲ့ရသည်။

၎င်းတို့သည် အပစ်ရပ်စဲမှု အကြိမ်အများအပြားကို သဘောတူခဲ့သော်လည်း မည်သူကမှ ယင်းကို ထိန်းသိမ်းလိုက်နာခြင်း မရှိခဲ့ပေ။ အရပ်သား သေဆုံးမှုအရေအတွက်က ဆက်လက် မြင့်တက်နေပြီး ဖရိုဖရဲ အခြေအနေများနှင့် ဥပဒေမဲ့မှု အခြေအနေတို့က ခါတွန်မြို့ကို ဆုပ်ကိုင်လွှမ်းမိုးလျက် ရှိသည်။ အဆိုပါမြို့တွင် လူ ငါးသန်းခန့် နေထိုင်ပြီး လက်ရှိအချိန်တွင် မြို့နေပြည်သူ အများအပြားသည် အစားအစာ၊ ရေနှင့် လျှပ်စစ်မီး မရှိဘဲ ၎င်းတို့၏ နေအိမ်များတွင် နေထိုင်နေကြရပြီး ပြင်ပလောကနှင့် အဆက်ပြတ်လျက် ရှိသည်။

လူပေါင်း သောင်းချီသည် နိုင်ငံအတွင်း အခြေမဲ့ တွယ်ရာမဲ့ ဖြစ်ကြရခြင်း သို့မဟုတ် တိုက်ပွဲများမှ လွတ်မြောက်ရန် အိမ်နီးချင်း ချတ်ဒ်၊ အီဂျစ်၊ တောင်ဆူဒန် သို့မဟုတ် အီသီယိုးပီးယားသို့ ဦးတည်ရင်း ခက်ခဲကြမ်းတမ်းသော ခရီးများကို စတင်ထွက်ခွာရခြင်းတို့ ရှိနေသည်။

“နိုင်ငံ ပြိုကွဲနေချိန်မှာ အာဏာအတွက် ဆက်လက်တိုက်ခိုက်ခွင့် မရှိဘူး” ဟု ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆော်ဒီပိုင် Al Arabiya ရုပ်သံကို ပြောသည်။

အမေရိကန်၊ ဆော်ဒီ အာရေးဗျ၊ အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂတို့ ဦးဆောင် ညှိနှိုင်းပေးပြီးနောက် ပြီးခဲ့သည့် နောက်ဆုံး သုံးရက်တာ အပစ်ရပ်စဲမှုကို ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က သဘောတူခဲ့ပြီး ယင်းသည် ဧပြီ ၃၀ ရက် ညသန်းခေါင်တွင် သက်တမ်းကုန်ဆုံးရန် ရှိနေသည်။

“ကျွန်တော်တို့ရဲ့ ဝန်းကျင်ဒေသတစ်ဝိုက်မှာ တိုက်လေယာဉ် ပျံသန်းသံတွေ၊ လေယာဉ်ပစ်လက်နက် ပစ်ခတ်သံတွေ ကြားရရင်း တစ်ဖန် ပြန်နိုးထခဲ့ရတယ်” ဟု ခါတွန်မြို့တောင်ပိုင်းမှ မျက်မြင်တွေ့သူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

အထူးသဖြင့် မြို့တော်၏ အမြွှာမြို့ အွန်ဒါမန်ရှိ နိုင်ငံပိုင်ရုပ်သံ ဌာနချုပ်ဝန်းကျင်တွင် မနက်အစောပိုင်းမှစပြီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း အခြားတစ်ဦးကလည်း ပြောသည်။

ခါတွန်မြောက်ပိုင်း Blue Nile ဧရိယာတစ်ဝန်းတွင် စက်သေနတ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်းနှင့် တစ်ချိန်တည်းမှာပင် မြို့၏ အရှေ့ပိုင်း Burri အရပ်တွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း အခြားမျက်မြင်တွေ့သူတစ်ဦးကလည်း ပြောသည်။

ခါတွန်လေဆိပ် ဝန်းကျင် ဧရိယာတွင် မီးခိုးများ တက်နေသည်ကိုလည်း တွေ့ခဲ့ရသည်ဟု သိရသည်။

တိုက်ပွဲများ အရှိန်မြင့်နေစဉ် ၂၀၂၁ အာဏာသိမ်းမှု၌ အာဏာရယူခဲ့သည့် ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီးများက မီဒီယာမှတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တိုက်ခိုက်ပြောဆိုခဲ့သည်။ RSF သည် ဆူဒန်ကို ဖျက်ဆီးရန် အကြံရှိသည့် တပ်ဖွဲ့ဖြစ်ကြောင်း ဘာဟန်က ပြောဆိုသလို တစ်ဖက်တွင်လည်း စစ်တပ်အကြီးအကဲ ဘာဟန်သည် “သစ္စာဖောက်” တစ်ဦးဟု ဒက်ဂလိုက ပြန်လည် စွပ်စွဲသည်။

ဆူဒန်အရေးနှင့်ပတ်သက်ပြီး အာဖရိက ဦးဆောင်သော ကြားဝင်ညှိနှိုင်းမှု အားထုတ်မှုများကို ထောက်ခံကြောင်း ဂူတာရက်စ်က ပြောသည်။

“ဆူဒန်နိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဖရိက ဦးဆောင်တဲ့ အစီအစဉ်ကို ထောက်ခံအားပေးအောင် အရာအားလုံး လုပ်ဆောင်ဖို့ ကျွန်တော် ပန်ကြားပါတယ်” ဟု ၎င်းက Al Arabiya ကို ပြောသည်။

ဆူဒန်တိုက်ပွဲများကြောင့် လူ ၅၂၈ ဦးထက်မနည်း သေဆုံးပြီး ၄,၅၉၉ ဦး ဒဏ်ရာရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက်တွင် ပြောသည်။ သို့သော် ထိုကိန်းဂဏန်းများက ပြည့်စုံဖွယ်ရာ မရှိပေ။

မြို့တော် ခါတွန်အပြင် ပြည်နယ်များဖြစ်သော ဘလူးနိုင်း၊ မြောက်ပိုင်း ကော်ဒိုဖန်နှင့် အနောက်ဘက် ဒါဖားဒေသတို့တွင် တိုက်ပွဲများကြောင့် လူ ၇၅,၀၀၀ ခန့် အိမ်ပစ်ရာပစ်ထွက်ပြေးထားကြရကြောင်း ကုလက ပြောသည်။

တိုက်ပွဲများကြောင့် နိုင်ငံခြားသားများနှင့် နိုင်ငံတကာ ဝန်ထမ်းများလည်း အဆိုပါနိုင်ငံမှ အလုံးအရင်းဖြင့် ပြန်လည်ထွက်ခွာမှုများ ရှိနေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required