ကရင်နီ စစ်ရှောင်ပြည်သူများအား ကျေးလက်မြေအဖွဲ့က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်းပို့ချ

By ဂျူချန်း (မဇ္ဈိမ)
26 April 2023
ကရင်နီ စစ်ရှောင်ပြည်သူများအား ကျေးလက်မြေအဖွဲ့က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်းပို့ချ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ခြမ်းရှိ စစ်‌ေဘးရှောင်စခန်းရှိ  စစ်ရှောင် အမျိုးသမီး၊ အမျိုးသား ၂၀ဦးနှင့် ကလေးငယ်များကို ကျေးလက်မြေအဖွဲ့က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း  ပြန်လည်ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဧပြီလ ၂၅ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်ခဲ့သည်။ သင်တန်းတွင် စိတ်ထိခိုက်မှုဖြစ်ရသည့် အကြောင်းအရင်းမှ နောက်ဆက်တွဲအကျိုးသက်ရောက်မှုကို ကုစားနိုင်မည့် နည်းလမ်းကို လေ့လာခြင်းနှင့် စိတ်ခံစားမှုမှ လွတ်မြောက်နိုင်သည့် လှုပ်ရှားမှုအစီအစဉ်ကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 ကလေးငယ်များအတွက် အားကစားပြိုင်ပွဲပြုလုပ်ပေးခြင်း၊ သီးချင်းများဖြင့် အကသင်ပေးခြင်း၊ ပုံဆွဲခြင်း၊ အာဟာရကျွေးခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“သင်တန်းအစီအစဉ်ကိုတော့ လူကြီးတွေအတွက် လုပ်ဆောင်ပေးပြီး ကုစားမှုအစီအစဉ်ကိုတော့ ကလေးငယ်တွေအတွက် လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစဲက ပြောသည်။

စစ်ဘေးရှောင်နေရသည့် အမျိုးသမီးနှင့် ကလေးငယ်များတွင် စစ်ဘေးဒဏ်များကြောင့် အသက်အရွယ်အလိုက် စိတ်ထိခိုက်နေကြသည့် လက္ခဏာများကိုတွေ့ရကြောင်း ဆိုသည်။

“လက်နက်ကြီးသံတွေ၊ ဗုံးသံတွေ၊ မီးဖိုချောင်စားရိတ်ကအစ စစ်ဖြစ်နေတာ နှစ်နှစ်ကျော်ကြာလာတော့ အဆင်မပြေမှုများစွာကို ရင်ဆိုင်နေရတဲ့အတွက် စိတ်ထိခိုက်မှုတွေ မြောက်မြားစွာရှိတယ်။ ကလေးတွေမှာတော့ သူတို့မိဘတွေ အဆင်မပြေတာတွေ့နေရတော့ မျက်နှာကအစ မကောင်းဘူး။ မုန့်စားချင်လို့ မိဘတွေက မတတ်နိုင်တဲ့အခါ စိတ်ထိခိုက်မှုတွေ။ တိုင်းပြည်အေးချမ်းတုန်းကဆိုရင် ရွာလယ်လမ်းမကြီးတစ်လျှောက် နေရာအနှံ့မှာ ကလေးတွေက အစုအဖွဲ့နဲ့ ဆော့ကစားနေကြတာတွေ့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကလေးတွေရဲ့ မျက်နှာမှာ အထီးကျန်သိမ်ငယ်မှုတွေ တွေ့နေရတယ်” ဟု ကျေးလက်မြေအဖွဲ့မှ နာယက ဦးဇော်မင်းထိုက်က ပြောသည်။

ကျေးလက်မြေအဖွဲ့သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်းကို ၂၀၂၁ ခုနှစ်တွင် မကွေးမြို့နယ်ရှိ ကျေးရွာများတွင်လည်းကောင်း၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် ကရင်နီပြည်နယ်ရှိ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ပို့ချပေးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် လူဦးရေ ၃၀၀,၀၀၀ ကျော်သာရှိပြီး ဒေသခံ သုံးပုံနှစ်ပုံခန့်သည် တိုက်ပွဲများကြောင့် လက်နက်ကြီးနှင့် လေယာဉ်ဒဏ်များမှ ကင်းလွတ်ရန် စစ်ဘေးရှောင်နေကြရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly