EAO တွေနဲ့ နွေဦးတော်လှန်ရေးခရီး (ဆောင်းပါး)

By ဓားရိုင်း
24 April 2023
EAO တွေနဲ့ နွေဦးတော်လှန်ရေးခရီး (ဆောင်းပါး)

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက် ရက္ခိုင့်တပ်တော်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် နိုင်ငံတစ်ဝန်းက တော်လှန်ရေးအဖွဲ့အစည်းတွေ အထိမ်းအမှတ်သဝဏ်လွှာတွေပေးပို့ခဲ့ကြတာတွေ့ရပါတယ်။ အဲဒီသဝဏ်လွှာ တွေထဲမှာ တစ်ညီတစ်ညွတ်တည်းတွေ့ခဲ့ရတာကတော့ အာဏာရှင်စနစ်တော်လှန်ရေးအတွက် AA နဲ့အတူ တိုက်ပွဲဝင်သွားမယ့်အကြောင်းနဲ့ တိုက်ပွဲဝင်ဖို့ တိုက်တွန်းချက်တွေပဲဖြစ်ပါတယ်။ NUG ရဲ့သဝဏ်လွှာမှာတော့ အချက် ၅ ချက်နဲ့ဖော်ပြသွားခဲ့တာတွေ့ရပါတယ်။ အဓိကအနေနဲ့ ရက္ခိုင်ပြည်သူထူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်း တည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့တာ (၁၄) နှစ်တိုင်တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနဲ့ ထပ်တူထပ်မျှ ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ဒီကနေ့ တိုင်းပြည်တစ်ဝန်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်ရာမှာ ရက္ခိုင့်တပ်တော်ဟာ အဖိနှိပ်ခံ ပြည်သူလူထု နဲ့တကွ အတူရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေတဲ့အပြင် တော်လှန်ရေးအင်အားစုတွေ ကို လက်တွဲကူညီပံ့ပိုးပေးနေကြောင်း၊ အခုအချိန်အခါမှာ ဘုံရန်သူ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ မိမိတို့ အားလုံးအတူတကွ စုစည်းညီညွတ်စွာနဲ့ ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမှာဖြစ်ကြောင်း ဖော်ပြထားခဲ့တာဖြစ် ပါတယ်။ ဒါ့အပြင် NUG ယာယီသမ္မတ ဒူဝါလရှီးလ ကိုယ်တိုင်လည်း လက်ရေးမူနဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဆီကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။ “ ရက္ခိုင့်တပ်တော်(AA)ရဲ့ ၁၄ နှစ်မြောက် နှစ်ပတ်လည် အထိမ်း အမှတ်နေ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ၁၄ နှစ်တာကာလအတွင်း ရက္ခိုင့်တပ်တော်ရဲ့ပေးဆပ်ခဲ့မှု‌တွေနဲ့ အတူ ရက္ခိုင့်အမျိုးသားတစ်ရပ်လုံး အားကိုးယုံကြည်ရတဲ့ ရက္ခိုင့်တပ်တော်အဖြစ်ရပ်တည်နိုင်ခဲ့တာ ဂုဏ်ယူ စရာ ဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော်နှစ်ပတ်လည်နေ့နဲ့အတူ ရက္ခိုင်အမျိုးသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ထူထောင်နိုင်ဖို့ အတူလက်တွဲဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုအပ်ကြောင်း” ဆိုခဲ့တာတွေ့ရပါတယ်။  AA ရဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေဖြစ်တဲ့ တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့တို့ကလည်း ညီနောင်သုံးဖွဲ့အနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အတူအကွခိုင်မာစွာလက်ပြီး တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ AA ဆီပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြခဲ့တာဖြစ်ပါတယ်။ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း AA ရဲ့စစ်ရေးအကူအညီနဲ့ သင်ကြားပေးမှုတွေအတွက် အထူးကျေး ဇူးတင်ရှိကြောင်း၊ ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ အာဏာရှင်စနစ် တော်လှန်ရေးကို အတူတကွ အဆုံးထိ ဆက်လက်တိုက်ပွဲဝင်သွားမယ့်အကြောင်း သဝဏ်လွှာတွေပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ “တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတွေကြားက နာကျင်မှုမျက်ရည်နဲ့ ရဲရင့်စွာရပ်တည်နေကြတဲ့ အာရက္ခပြည်သူတွေ၊ ရောက်ရာအရပ်ကနေ တော်လှန်ရေး အတွက် နိုင်ရာတာဝန်ကိုထမ်းဆောင်နေတဲ့ နိုင်ငံတကာနဲ့ အဝေးရောက် ရခိုင်လုပ်သား ပြည်သူတစ်ရပ်လုံးရဲ့ ရပ်တည်ကူညီမှုတွေကို အထူးကျေးဇူး ဥပကာရတင်ရှိကြောင်းနဲ့ ဆက်လက်ပြီး တော်လှန်ရေးအတွက် ကြံ့ကြံခံရပ် တည်ကြဖို့” ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားမိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ရက္ခိုင့် တပ်တော်(AA)အနေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ထားပေမယ့် အာဏာရှင်စနစ်တော်လှန်ရေး အင်အားစုတွေနဲ့ တစ်သားတည်းရှိနေသေးတယ်ဆိုတာ ထင်ရှားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ဒေသမှာလည်း တစ်ကျော့ပြန်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွား ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီတပ်နဲ့ အလွတ်သဘော ယာယီအပစ်ရပ်ထားခဲ့တာဖြစ်ပါတယ်။ စစ်အင်အား ၃ သောင်းကျော်လောက်ရှိနေပြီး တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ AA ရဲ့ရပ်တည်ချက်ဟာ စစ်အာဏာ ရှင်တော်လှန်ရေးခရီးမှာ အတိုင်းအတာတစ်ခုထိအရေးပါနေခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ အာဏာရှင်စနစ် အမြစ်ပြတ်ရေး တော်လှန်ရေးဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့အခန်းကဏ္ဍ ဟာ မရှိမဖြစ်အရေးပါနေခဲ့တာလည်းဖြစ်ပါတယ်။  

စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့သုံးသပ်ချက်တွေအရတော့ အာဏာသိမ်းကာလ ၂ နှစ်ကျော်တဲ့အချိန်ထိ တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs)တွေရဲ့ ၃ ပုံ ၁ ပုံလောက်သာ NUG ၊ PDFs တွေနဲ့ အပြည့်အဝ ပူးပေါင်းနိုင်သေးတယ်လို့ ဆို ထားကြပါတယ်။ အာဏာရှင်စနစ် တော်လှန်ရေးတိုက်ပွဲဟာ NUG နဲ့ EAOs တွေအကြား အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နိုင်မှုက အရေးကြီးကြောင်း ထောက်ပြချက်တွေ လည်းရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ရှိတဲ့အနက် လတ်တလောမှာ EAOs ၈ ဖွဲ့သာ NUG အပါအဝင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ NUG နဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်း ဆောင်ရွက်တဲ့ EAO တွေအဖြစ် ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ရှိနေတာဖြစ်ပါတယ်။ အဲဒီ EAO အဖွဲ့တွေဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်နေတဲ့ PDF အင်အား ၆၅၀၀၀ ကျော်ထဲ ကအများစုကို လေ့ကျင့်သင်ကြားပေးခဲ့ကြတဲ့ အဖွဲ့တွေလည်းဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ကနေခွဲထွက်လာတဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ် (KTLA)ဟာလည်း NUG လက်အောက်ခံ PDF တွေနဲ့အတူ ကရင်ပြည်နယ်မှာ စစ်ရေးပူးပေါင်း ဆောင်ရွက်နေတာတွေ့ရပါတယ်။ အဲဒီ EAO အဖွဲ့တွေဟာ NUG နဲ့အတူ စစ်ရေးအရ ထိရောက်စွာ တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်(၃)ခု  ဖွဲ့စည်းပြီး ဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။ အမှတ် (၁) တိုင်းစစ်ဌာနချုပ်အောက်မှာ မြန်မာနိုင်ငံမြောက် ပိုင်းနဲ့ အနောက်ပိုင်း ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဌာနချုပ်၊ အမှတ် (၂) တိုင်းစစ်ဌာနချုပ်အောက်မှာ တောင်ပိုင်း ဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်၊ အမှတ် (၃) တိုင်းစစ်ဌာနချုပ်လက်အောက်မှာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်ဆိုပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ အတွင်းမှာ NUG ဟာ KIA ၊ CNF ၊ KNPP ၊ ABSDF တို့နဲ့ ဗဟိုကွပ်ကဲမှုနဲ့ ညှိနှိုင်းရေးအတွက် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (C3C) ကိုလည်း ဖွဲ့စည်းထားခဲ့ပြီး C3C မှာမပါတဲ့ တခြား EAO အဖွဲ့ဖြစ်တဲ့ KNU နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ သီးခြားပူးတွဲကွပ်ကဲမှုနဲ့ ညှိနှိုင်းရေးအဖွဲ့ (J2C) ကို ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် NUG ဟာ လူမျိုးစုနဲ့ ဒေသအခြေပြု ဖက်ဒရယ်ယူနစ်တွေရဲ့ ထောက်ခံမှုကိုလည်း ရယူထားနိုင်တာတွေ့ရပြီး နိုင်ငံ ရေးအပါအဝင် တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။ NUG နဲ့ ပူးပေါင်းနေတဲ့ ဖက်ဒရယ်ယူနစ်တွေကတော့ ကြားကာလချင်းအမျိုးသားများ အတိုင်ပင်ခံကောင်စီ (ICCNC) ၊  ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) ၊  ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ၊  မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ၊ ပအိုဝ်းအမျိုးသားများ ဖက်ဒရယ် (PNFC) နဲ့  တအာင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (TPCC) တို့ဖြစ်ပါတယ်။ ဒီအဖွဲ့တွေရဲ့ နောက်ကွယ်မှာ မူလရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရှိပြီး တချို့လည်း စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ ဖွဲ့စည်းတဲ့ လူမျိုးစု လက်နက်ကိုင်တပ်တွေ ရှိနေကြတာဖြစ်ပါတယ်။ ကျန်တစ်ဖက်မှာ NUG၊ PDF တွေနဲ့ စစ်ရေးပူးတွဲလှုပ်ရှားမှုမရှိပေမယ့် နောက်ကွယ်ကနေကူညီပေးနေတဲ့ EAO တွေလည်းရှိနေတာပါ။ အဲဒီအဖွဲ့တွေကတော့ မြောက်ပိုင်းအခြေစိုက် မဟာမိတ်ညီနောင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ၊ မြန်မာ အမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ကိုးကန့်အဖွဲ့နဲ့ တအာင်း/ပလောင် အမျိုးသားများ လွတ်မြောက်ရေးတပ် (TNLA) တို့ဖြစ်ပါတယ်။ NUG လက်အောက်ခံ PDF တွေကို စစ်ပညာသင်ပေးတာနဲ့ လက်နက်တပ်ဆင်ပေးတာတွေ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်း ပိုင်းက လက်နက်တပ်ဆင်ခဲ့တဲ့ MNDAA ရဲ့ တပ်မဟာ (၆၁၁)ဟာ အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ပြီး NUG နဲ့ မဟာမိတ်ဖြစ်တဲ့ ဗမာအမျိုးသားများလွတ်မြောက်ရေးတပ် (BPLA) အပါအဝင် PDF ၆ ဖွဲ့ထက်မနည်းကို ပူးပေါင်းစုဖွဲ့ထားတာဖြစ်ပါတယ်။ AA ဆိုရင်လည်း မကွေးတိုင်း အနောက်ခြမ်းအခြေစိုက် PDF အဖွဲ့တချို့ကို စစ်ပညာသင်ပေးတာတွေရှိပြီး TNLA ကလည်း မန္တလေး PDF တပ်ဖွဲ့တွေကို လေ့ကျင့်သင်တန်းပေးထားတာဖြစ်ပါ တယ်။ အခုနောက်ပိုင်းမှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ဆိုရင်လည်း စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေလုပ်နေပေမယ့် တစ်ဖက်မှာ NUG နဲ့ PDF တွေရဲ့ ရုန်းကန်တော်လှန်မှုကို စာနာနားလည်တဲ့သဘော ပြသလာတာတွေ့နေရပါတယ်။ နေပြည်တော် ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က NUG ၊ PDF တွေနဲ့  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကိုမကူညီဖို့ ဖိအားပေးခဲ့ပေမယ့် လက်မခံဘဲ ပယ်ချခဲ့တာကိုကြည့်ရင် အဲဒီအဖွဲ့တွေရဲ့သဘောထားကိုတွေ့နိုင်ပါ တယ်။ အခုလို အချိန်ကြာလာတာနဲ့အမျှ အာဏာရှင်စနစ် တော်လှန်ရေးအင်အားစုတွေအပေါ် စာနာနားလည်လာ သူတွေရှိနေသလို တစ်ဖက်မှာ စစ်ကောင်စီနဲ့ မျက်စိပိတ်ပြီး ပူးပေါင်းနေတဲ့ အဖွဲ့အစည်းတွေကလည်းရှိနေသေး တာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေကတော့ NCA ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် EAOs ၇ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)ကနေ အထုတ်ခံရ သူတွေအဖွဲ့ ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသားလွတ်မြေက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ပဲဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ RCSS နဲ့ မွန်ပြည်သစ်ပါတီတို့ လောက်ပဲ စစ်အင်အား အထိုက်အလျောက်ရှိတာဖြစ်ပြီး ကျန်အဖွဲ့တွေကတော့ စစ်အင်အားမများတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ လက်ရှိမှာ NUG နဲ့ တရားဝင်ပူးပေါင်းတဲ့ EAO ၅ ဖွဲ့ရဲ့ စစ်အင်အားမှာ ၄ သောင်းကျော်ရှိတာဖြစ်ပြီး တစ်နိုင်ငံလုံးက EAO အင်အားရဲ့ ၃၃ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။ နောက်ကွယ်ကနေ ပံ့ပိုးသူအင်အားမှာ ၃၀ ရာခိုင်နှုန်းလောက်နဲ့ စာနာနားလည်တဲ့ အစုအဖွဲ့အင်အားမှာ ၃၃ ရာခိုင်နှုန်းလောက်ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ PPST အဖွဲ့ဝင်တွေရဲ့အင်အားကတော့  ၇ ရာခိုင်နှုန်းလောက်ပဲရှိနေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေအရ စစ်ကောင်စီကို အမြစ်ပြတ်သုတ်သင်နိုင်ဖို့ဆိုရင် KIA ၊ KNU ၊ CNF ၊ KNPP နဲ့ ABSDF တို့လို စစ်ရေးနိုင်ငံရေးမှာ NUG၊ PDF တွေနဲ့အတူ ထဲထဲဝင်ဝင် အတူပူးပေါင်းလုပ်ဆောင်မယ့် EAO တွေလိုအပ်နေ သေးတာတော့အမှန်ပဲဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly