မိုင်းဘုန်းဆရာတော်နှင့် တိုက်ပွဲချိန်အတွင်းတွေ့ဆုံခဲ့ကြောင်းမန္တလေး PDF ထုတ်ပြန်

By KMN (မဇ္ဈိမ)
22 April 2023
မိုင်းဘုန်းဆရာတော်နှင့် တိုက်ပွဲချိန်အတွင်းတွေ့ဆုံခဲ့ကြောင်းမန္တလေး PDF ထုတ်ပြန်

 ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာနေရာသို့ မိုင်းဘုန်းဆရာတော် ယာဉ်တန်းဖြင့် ကြွရောက်ခဲ့ချိန်အတွင်း ခေတ္တတွေ့ဆုံ ဖူးမျှော်ခွင့်ရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်လာသည်။

ဧပြီလ ၁၁ရက်နေ့တွင် မိုင်းဘုန်းဆရာတော်သည် မိုင်းလုံမြိုသို့ကြွချီရင်း တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွါးနေသော နေရာသို့ ဖြတ်သန်းသွား‌ခြင်းဖြစ်ပြီး ဆရာတော် လိုက်ပါလာသည့် ကားဖြစ်သည့်အတွက် တိုက်ပွဲကို ခေတ္တရပ်နားပေးခဲ့ပြီး ဆရာတော် ဘေးကင်းရာဒေသသို့ ရောက်ရှိသည်အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထုတ်ပြန်ထားသည်။

"ထွေထွေထူးထူး မှာသွားတာတော့ မရှိပါဘူး။ အဓိကက တိုက်ပွဲဖြစ်နေတဲ့နေရာကို ယာဉ်တန်းနဲ့ဝင်လာတယ်။ မိုင်းလုံကြွမယ်လို့ပြောတယ်။ တပ်ဖွဲ့ဝင်တွေကိုတွေ့တဲ့အခါမှာ အဆောင်တွေ၊ပုံတော်တွေ ပေးဝေသွားတာရှိတယ်။ မေတ္တာပို့တယ်ဆိုတာပြောခဲ့တာတော့ရှိတယ်။ ပြီးတော့ခရီးဆက်သွားတာပါ"ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပြောရေး ဆိုခွင့်ရှိသူ အော်စမွန်က မဇ္ဈိမကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရဲဘော်များသည် မိုင်းဘုန်းဆရာတော်အား ဖူးမျှော်ခွင့်ရခဲ့ပြီး ဆရာတော်က တပ်ဖွဲ့ဝင်များအပေါ်အန္တရာယ်ကင်း အဆောင်များနှင့် မေတ္တာပို့ ဩဝါဒများ ချီးမြှင့်ခဲ့သည်ကို ရုပ်သံဖိုင်ထဲတွင် မြင်တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ငါးရင်းဖြင့် စုဖွဲ့ထားရှိထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#မိုင်းဘုန်းဆရာတော်
#မန္တလေးမြို့
#၊MDYPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly