စဉ့်ကူးတွင် စစ်အုပ်စုကို တိုက်ခိုက်၊ ၃ ဦးသေဆုံးဟုဆို

By MTO (မဇ္ဈိမ)
22 April 2023
စဉ့်ကူးတွင် စစ်အုပ်စုကို တိုက်ခိုက်၊ ၃ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊မင်းပန်းတောင်ဘုန်းကြီးကျောင်းဝန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း ဗိုလ်လင်းယုန်အဖွဲ့ ကသတင်းထုတ်ပြန်သည်။

စဉ့်ကူးမြို့နယ် ပျဉ်းပင်ရွာဘက်မှ မင်းပန်းတောင်နှင့် ထီးကျင်တောင်ဘက်သို့ စစ်ကြောင်းထိုးလာပြီး မင်းပန်းတောင် ဘုန်းကြီးကျောင်းအတွင်း ခေတ္တနားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က ဧပြီလ ၂၀ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

" စစ်ကောင်စီစစ်ကြောင်းက အင်အား ၇၀လောက်ရှိတယ်။ ကျောင်းထဲမှာ တပ်စွဲပြီး ချက်ပြုတ်စားသောက်နေချိန် ဒရုန်းနဲ့ ချခဲ့တာ" ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်များက ဒရုန်းသုံးစီးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဗိုလ်လင်းယုန်အဖွဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့က ၈၀ မမအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဗိုလ်လင်းယုန်အဖွဲ့ ကဆိုသည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့က ပစ်သည့် ၈၀ မမ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံကြောင့် ပြည်သူတစ်ဦး နှလုံးအမောဖောက်ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင် ပကဖ)၊Nine PDF တပ်ဖွဲ့ ၊ Northen Tiger Group နှင့် စဉ့်ကူးမြို့နယ် (ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#mizzima

#စဉ့်ကူးမြို့နယ်

#မင်းပန်းတောင်

#စစ်ကောင်စီတပ်ဖွဲ့

#ဗိုလ်လင်းယုန်အဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly