ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသူဟု နာမည်ထွက်နေသူ စစ်ကောင်စီ ရွေး/ကော်ဒုညွှန်ချုပ်၊ဒုဗိုလ်မှူးကြီး(ငြိမ်း)ပစ်ခတ်ရှင်းလင်းခံရ

By ရွှေနွယ်၊ဂျူချန်း(မဇ္ဈိမ)
22 April 2023
ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသူဟု နာမည်ထွက်နေသူ စစ်ကောင်စီ ရွေး/ကော်ဒုညွှန်ချုပ်၊ဒုဗိုလ်မှူးကြီး(ငြိမ်း)ပစ်ခတ်ရှင်းလင်းခံရ

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူကို ယနေ့ ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ရန်ကုန်မြို့တနေရာ၌   For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့က  ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

ဦးစိုင်းကျော်သူ ကားမောင်းလာစဉ် ကားအတွင်းသို့ သေနတ်အတိုများဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားသည်ဟုFor the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။ရန်ကုန်တိုင်းစစ်ဒေသခွဲ၏အထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဟု ဆိုသည်။

"သူအပါအဝင် စစ်ကောင်စီရဲ့ ရာထူးအကြီးပိုင်းက လူတွေအကြောင်း ကျုပ်တို့က သတင်းတွေမျိုးစုံ ထောက်လှမ်းရရှိထားပြီးဖြစ်ပါတယ်။ အခွင့်သာရင်သာသလို ရှင်းလင်းနိုင်ဖို့အတွက်လဲ ကျွန်တော်တို့ စီစဉ်ထားပြီးသားပါ"ဟု For the Yangon  မြို့ပြပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးစိုင်းကျော်သူသည် စစ်ကောင်စီ၏ လက်ရှိရွေးကောက်ပွဲကော်မရှင်တွင် ဒုညွှန်ချုပ်ရာထူးမှ ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးတိုးရန်ရှိသူဟု သိရှိရပြီး တိုက်ကွမ်ဒိုကျွမ်းကျင် အထူးကွန်မန်ဒိုတစ်ဦးဖြစ်သည်ဟုလည်း For the Yangon  မြို့ပြပြောက်ကျားတပ်ဖွဲ့ အသိပေးသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ မုန်းတီးသူဖြစ်ပြီး လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားလိုအဖြစ် တရားစွဲထားသူတစ်ဦးဖြစ်သည်ဟု နာမည်ထွက်နေသူဖြစ်သည်။၎င်းသည်လက်ရှိတွင် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်နိုင်ရေးအတွက် အဓိကဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့်အတူ ပြည်သူများအား ဖိနှိပ် အကြမ်းဖက်နေသည့် ကိစ္စရပ်များတွင်လည်း ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း For the Yangon  မြို့ပြပြောက်ကျားတပ်ဖွဲ့ က ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြည်သူများသည် နေ့စဉ်နဲ့အမျှ သေဆုံးနေရပြီး ဒုက္ခမျိုးစုံ ရောက်ကြရပြီး ထိုပြဿနာများ ပြေလည်ရန်အတွက် အဖြေသည် စစ်ကောင်စီ ကျရှုံးရေးတစ်ခုသာရှိသောကြောင့် ၎င်းတို့အဖွဲ့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း For the Yangon  မြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

" စစ်ကောင်စီက ရာထူးကြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကစလို့ စစ်ကောင်စီအတတကမစီနဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို ဖိနှိပ်အကြမ်းဖက်နေသူ မည်သူမဆို ကျွန်တော်တို့က ငဲ့ညှာမှာမဟုတ်ပါဘူး။ ထိပ်ပိုင်းက စစ်…အဘတွေ ကောင်းစားရေးအတွက် ကိုယ်တိုင်ရော၊ မိသားစုကိုပါ အန္တရတွင်းထဲရောက်အောင် နေထိုင်နေကြတဲ့သူတွေကို ကျွန်တော်တို့က သက်ညှာမှာမဟုတ်ပါဘူး" ဟု  For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

ဧပြီလ ၁၈ ရက်နေ့ကလည်း သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်းနှင့် အငြိမ်းစားဗိုလ်မှူး အောင်ညီထွန်းအပြင်၎င်းတို့နှင့် နီးစပ်သူတစ်ဦးကို ရန်ကုန်မြို့ပြ အထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်ခံခဲ့ရသည်။ ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၄ရက်ကလည်း စစ်တပ်အသိုင်းအဝိုင်းအတွက်  ဒေါ်လာသန်းရာချီ ပြည်ပသို့ရွှေ့ပြောင်းပေးနေသည့်  ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့တွင် Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့ကပစ်ခတ် ရှင်းလင်းခဲ့‌ကြောင်း သိရသည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required