ဘီးလင်းနှင့်ကျိုက်ထိုတွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

By YT (မဇ္ဈိမ)
22 April 2023
ဘီးလင်းနှင့်ကျိုက်ထိုတွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်းတွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများရှိကြောင်း KNU ဗဟို​၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ​ထံက သိရသည်။ 

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ လေးကေစစ်ကောင်စီတပ်စခန်းအား KNDO တပ်ရင်း (၂) တပ်ဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုအပြီးတွင် လေးကေစခန်းမှ စစ်ကောင်စီတပ်သားများသည် လေးကေကျေးရွာအတွင်း ၆၀ မမနှင့် ၇၉ လောင်ချာ အမျိုးအစား လက်နက်ကြီး ရှစ်ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ဧပြီ ၂၁ ရက်နေ့က ထုတ်ပြန်သည်။ 

ထိုပစ်ခတ်မှုကြောင့် လေးကေကျးရွာမှ ဒေသခံနေအိမ်တစ်လုံး ပျက်စီးခဲ့ရပြီး လေးကေကျေးရွာမှ ဒေသခံပြည်သူများသည်လည်း နေအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

ထိုမတိုင်မီ ဧပြီလ ၁၄ ရက်နေ့ကလည်း လေးကေစခန်းမှ စစ်သားများသည် လေးကေကျေးရွာမှ ဒေသခံများပိုင်ဆိုင်သော သစ်ခွဲသား အချောင်းရေ ၅၀ နီးပါးအား ၎င်းတို့စခန်း တည်ဆောက်ရန်အတွက်ဟုဆိုကာ အဓမ္မယူဆောင်သွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဒါ့အပြင် ဧပြီလ ၁၉ ရက်နေ့မှစ၍ ဘီးလင်းမြို့နယ်၊ အလုံတောင်ဘုရားကုန်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ်သားများ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အလူးကျေးရွာအုပ်စုမှ ဒေသခံများ ရွာလုံးကျွတ် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် အလုံတောင်ဘုရားကုန်းပေါ်သို့ စစ်သားအင်အားထပ်မံဖြည့်တင်းထားသဖြင့် ဒေသခံများသည် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း အခြေခံစားနပ်ရိက္ခာ၊ အကူအညီများ လိုအပ်နေကြောင်း KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။ 

" အလူးကျေးရွာက စစ်ဘေးရှောင် ၃၀၀ လောက် အခြေခံရိက္ခာတွေ အကူအညီလိုအပ်နေတယ်။ ဝင်းပြန်ဘက်ကနေ အလူးဘက်ကို အင်အားတိုးချဲ့လာတာလည်း ရှိတယ်၊ ရက်ရှည်လာရင် မတောင့်ခံနိုင်ဘူးလေ " ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာ၊ ရဲစခန်းကုန်းထိပ်ရှိ စစ်ကောင်စီတပ်သားများသည် ဆောင်နိုင်ကြီးကျေးရွာ၊ တကေးချောင်းဖျားကျေးရွာ၊ ငှက်ပျောတောကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရက်ခြား ရမ်းသန်းပစ်ခတ်နေကြောင်း၊ ဒေသခံများအနေဖြင့် ထိခိုက်မှုမရှိသော်လည်း စိုးရိမ်နေရကြောင်း သိရသည်။ 

" ပစ်တာ​က တစ်ရက်ခြားလောက်ပေါ့။ ညဘက်ပစ်တာများတယ်၊ တစ်ခါတလေကျ နေ့ဘက်လည်း ပစ်တယ်။ ရွာခံအချို့ပဲ ပြေးနေကြတာပါ " ဟု ငှက်ပျောတောကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများ၊ လုံခြုံရေးဂိတ်၊ ကင်းပုန်းများသည် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံရပြီး ထိုသို့ တိုက်ခိုက်ခံရသည့်အခါ စစ်ကောင်စီတပ်သားများသည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required