တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံးဟုဆို

By MTO (မဇ္ဈိမ)
21 April 2023
တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တဆယ်ကျဲကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရာ စစ်သားနှစ်ဦး သေဆုံးသွားကြောင်း ရွေဘိုခရိုင်တပ်ရင်း (၂၅) မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရသွားကာ စနိုက်ဘာဖြင့် ပစ်ခတ်မှုတွင် နှစ်ဦးသေဆုံးသွားသည်ဟု ဆိုသည်။

“စစ်သားနဲ့ ပျူ အင်အား ၁၂၀ လောက်ဟာ နဘက်ငယ်ရွာဘက်ကနေ တဆယ်ကျဲရွာကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် နောက်ချန်အင်အား ၁၀ ယောက်လောက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ နောက်ပြီးတော့ ရွာထဲမှာ အထိုင်ချပြီးတော့ ဝက်တွေသတ်စားနေတဲ့အချိန် ကျနော်တို့ စနိုက်ဘာ အဖွဲ့က ပစ်ခတ်ခဲ့တာ နှစ်ကောင်(နှစ်ဦး)အတိအကျရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၁၉ ရက်နေ့ည၌ တဆယ်ကျဲကျေးရွာတွင် ညအိပ်၍ ဧပြီလ ၂၀ ရက် နံနက်ပိုင်းတွင် ရွာကိုမီးရှို့ပြီး ထွက်ခွာသွားကြောင်း ရွေဘိုခရိုင်တပ်ရင်း (၂၅) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ၂၀ ရက်နေ့ မနက်ပိုင်း ရွာကိုမီးရှို့ပြီးတာနဲ့ စစ်ကြောင်းက ထွက်သွားတာပဲ။ နေအိမ် ၁၅ လုံး လောက် မီးလောင်ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။

ဧပြီ ၁၉ရက်က တိုက်ခိုက်မှုကို ရွေဘိုခရိုင်တပ်ရင်း (၂၅)၊ တန့်ဆည်(ပကဖ) နှင့် ပြည်သူ့လွတ်မြောက် ရေးတပ်မတော် PLA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ မောင်ကြီး

#စစ်ကိုင်းတိုင်း

#တန့်ဆည်မြို့နယ်

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly