မင်းတပ်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်လေယာဉ်မှူး ၂ ဦးကို အပြစ်ပေးစီရင်နိုင်သူအား သိန်း ၅၀၀ တန် မြေကွက်ချီးမြှင့်မည်

By ပါခွီး၊ ခက်နွေ(မဇ္စျိမ)
20 April 2023
မင်းတပ်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်လေယာဉ်မှူး ၂ ဦးကို အပြစ်ပေးစီရင်နိုင်သူအား သိန်း ၅၀၀ တန် မြေကွက်ချီးမြှင့်မည်
ပုံစာ - စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊တိုက်နယ် (၁) ပန်းပါ ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်နေသည့် ပုံ ( CDF-Mindat (သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်မှ လေယာဉ်မှူး ၂ ဦးကို အပြစ်ပေးစီရင်နိုင်သူအား ငွေကျပ် သိန်း ၅၀၀ တန်မြေကွက် ချီးမြှင့်မည်ဟု CDF – Mindat) က ထုတ်ပြန် ကြေညာသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ စစ်ကောင်စီတပ်သည်  မင်းတပ်မြို့ နယ်အတွင်း ရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပြည်သူများအားပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ကျူးလွန်ခဲ့သည်။

တိုက်ခိုက်မှုများအတွင်း ပြည်သူအိုးအိမ်ပျက်စီးမှုနှင့် အပြစ်မဲ့ပြည်သူများစွာသေဆုံးခဲ့ရသဖြင့် လာရောက်တိုက်ခိုက်သော စစ်ကောင်စီတပ်မှ လေယာဉ်မောင်းသူများကို ဖော်ထုတ်လျက်ရှိ ကြောင်း CDF – Mindat ၏ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

စုံစမ်းစစ်ဆေးမှုများအရ မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာသို့ ဂျက်ဖိုက်တာနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့သည့် လေယာဉ်မှူးနှစ်ဦးမှာ ဗိုလ်မှူး နေဝင်းကျော်နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အထူးအားကိုးရသူများ ဖြစ်ကြောင်းဆိုသည်။

“ ကျနော်တို့ မင်းတပ်မြို့ မှာရှိတဲ့ သိန်း ၅၀၀ တန်မြေကွက်ကို ချီးမြှင့်သွားမှာပါ။  တကယ်လို့ နှစ်ယောက်စလုံး မဟုတ်ဘဲ တစ်ယောက်ပဲဆိုလည်း သေချာတယ်ဆိုရင် ပြန်ဆွေးနွေးရမှာပါ ” ဟု CDF – Mindat တပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမသို့ပြောသည်။

မင်းတပ်မြို့နယ်အတွင်း တိုက်ခိုက်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဖရဲသီး (စစ်ကောင်စီ သတင်းပေး) များထံက ရရှိထားခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါလေယာဉ်မောင်းသူနှစ်ဦးမှာ တံတားဦး လေတပ်စခန်းတွင် အုပ်မှူးအဖြစ် တာဝန်ယူနေပြီး နေပြည်တော်နှင့် မှော်ဘီ တို့ရှိ Yak 130 လေယာဉ်အုပ်၊ စစ်ဆင်ရေးမှူး အဖြစ်တာဝန်ယူနေသည့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင် လက်အောက်တွင်တာဝန် ထမ်းဆောင်နေသူများဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မင်းတပ်မြို့နယ်အတွင်း ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရန်အမိန့်ပေးသော ဒုဗိုလ်မှူးကြီး ရဲဇော်နိုင် ၊ လေယာဉ်မောင်းသူနှစ်ဦး နှင့်အတူ အပေါင်းအပါများကို အပြစ်ပေးစီရင် ကာ သက်သေပြနိုင်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို မြေကွက်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဧပြီလ ၁၈ ရက် ည ၉နာရီ ၁၅ မိနစ်အချိန်ကလည်း မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၂) ဘက်၌ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ထိခိုက်မှု ကို မသိရှိရသေးကြောင်း CDF – Mindat က ထုတ်ပြန်ထားသည်။

ဧပြီလ ၂၀ရက် ယနေ့တွင် မင်းတပ်မြို့နယ်အတွင်း တယ်လီဖုန်းဆက်သွယ်မှုများ ပြတ်တောက်နေ ကြောင်း သိရှိရသည်။

စာတည်း။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly