ကမ္ဘာတဝန်း ကာကွယ်ရေးအသုံးစရိတ်သုံးစွဲမှု အများဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၆၂ တွင် ရှိနေ

ကမ္ဘာတဝန်း ကာကွယ်ရေးအသုံးစရိတ်သုံးစွဲမှု အများဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၆၂ တွင် ရှိနေ

ကမ္ဘာ့နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် နှင့် စစ်ဘက်ဆိုင်ရာကိစ္စများကို လေ့လာသုံးသပ်နေဖော်ပြနေသော Global Firepower ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံသည် ၂ဝ၂၃ ခုနှစ်အတွက် အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲတွင် ကာကွယ်ရေးအသုံးစရိတ်အနည်းဆုံး သုံးစွဲမည့် နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို လေ့လာစောင့်ကြည့်ပြီး အဆင့်သတ်မှတ်ဖော်ပြခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၆၂ နေရာတွင် ရပ်တည်နေ ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂ဝ၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ ဘီလျံ ကျော် (၂၂၈၅၇ဝဝဝဝဝ) သုံးစွဲမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း နိုင်ငံများထဲတွင် ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုအနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း သိရသည်။

လက်ရှိဘတ်ဂျတ်နှစ်မှာ စစ်ကောင်စီ၏ ဝင်ငွေရလမ်းမှာ ကျပ်ဘီလီယံ တစ်သောင်းသုံးထောင်ကျော် ရှိမည်ဟု မျှော်မှန်းထားသော်လည်း အသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ နှစ်သောင်းနီးပါးအထိ သုံးဖို့လျာထားခြင်းဖြစ်သည်။

ဘတ်ဂျတ်လိုငွေ ကျပ်ဘီလီယံ ၇၀၀၀ နီးပါးပြနေသည့်  ကြားမှပင် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲဖို့ စစ်ကောင်စီက ခွင့်ပြုပေးလိုက်သည်။

ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးအသုံးစရိတ်ထက် ကျပ်ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်ချပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးစံချိန်တင်သည့် ကာကွယ်ရေးအသုံးစရိတ်လည်းဖြစ်လာသည်။

ယခုဘဏ္ဍာနှစ်မှာ ပညာရေးနှင့် ကျန်းမာရေးအတွက် အသုံးစရိတ်ကို ဘတ်ဂျက် စုစုပေါင်း အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်း သုံးစွဲရန် စစ်ကောင်စီက ထည့်သွင်းထားသော်လည်း အဆိုပါပမာဏသည် ကာကွယ်ရေးအသုံးစရိတ်၏ ထက်ဝက်နီးပါးသာ ရှိကြောင်း ဘတ်ဂျက်လေ့လာသူများက ထောက်ပြထားသည်။

အာဏာသိမ်းပြီးချိန်ကစလို့ ပြည်တွင်းမှာ စစ်မျက်နှာပြင်များ ပိုများလာနေသလို ပြည်ပကဝယ်ယူထားသည့် တိုက်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများအတွက် ငွေပေးချေရမှုများကြောင့် စစ်ရေးအသုံးစရိတ်က တက်လာခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်တွေက သုံးသပ်ထားကြသည်။

စစ်ကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်ထက် စစ်ရေးပဋိပက္ခ ပိုကြီးလာရန်သာ ရည်ရွယ် လုပ်ဆောင်နေကြောင်း ထောက်ပြထားသည်။

စစ်ခောင်းဆောင်းမင်းအောင်လှိုင်က PDF များနှင့် ၎င်းတို့ကို ထောက်ပံ့နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း မတ်လ ၂၇ ရက် တပ်မတော်နေ့က ပြောဆိုခဲ့သည်။

အာဆီယံဒေသအတွင်း နိုင်ငံများအနက် ၂ဝ၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားသော နိုင်ငံများထဲတွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတို့က ထိပ်ဆုံးနိုင်ငံများစာရင်းတွင် အဆင့်လိုက်ရပ်တည်လျက်ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်း နိုင်ငံများအနက် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားသော နိုင်ငံများထဲတွင် အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ကမ္ဘောဒီးယား၊ လာအိုတို့က မြန်မာနိုင်ငံနောက်တွင် ရပ်တည်ကြောင်း Global Firepower ၏ ဖော်ပြချက်များအရ သိရသည်။ 

အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေရှ့်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့၏ ၂ဝ၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်က မြန်မာနိုင်ငံထက် ပိုများနေကြောင်း သိရသည်။

ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၆ ဘီလျံနီးပါး သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ် နှင့် အိန္ဒိယတို့သည် ၂ဝ၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲမည့်ကမ္ဘာနိုင်ငံများ စာရင်းတွင် ထိပ်ဆုံး ၅ နိုင်ငံအတွင်း ရပ်တည်နေကြောင်း သိရသည်။

ကာကွယ်ရေး အသုံးစရိတ်အများဆုံး သုံးစွဲထားသောနိုင်ငံများထဲတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၃ဝ ဘီလျံကျော် သုံးစွဲထားပြီး အိန္ဒိယက ၅၄ ဘီလျံကျော် သုံးစွဲထားကြောင်းသိရသည်။ 

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို နိုင်ငံတကာအနေဖြင့် တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူမှုများ  အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ အရေးတကြီးအပ်နေသလို တစ်ချိန်တည်းမှာပင် စစ်အသုံးစရိတ် မတိုးမြှင့်နိုင်ရန် စစ်တပ်၏ ဝင်ငွေရပေါက် ရလမ်းမှန်သမျှ ပိတ်ဆို့နိုင်ဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေးတတ်ကြွလှုပ်ရှားသူတွေက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required