ရွှေကူမြို့မှာ နေအိမ်တစ်ထောင်ဝန်းကျင် မီးရှို့ခံထားရ

ရွှေကူမြို့မှာ နေအိမ်တစ်ထောင်ဝန်းကျင် မီးရှို့ခံထားရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းကို မတ် ၂၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တစ်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွှေကူ PDF က ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့ ရွှေကူမြို့နယ်က မံဝိန်း၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်ကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီး စတဲ့ရွာတွေက နေအိမ်စုစုပေါင်း ၉၅၆ လုံး မီးရှိုခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇) နဲ့ ခလရ (၈၈) တို့ဟာ မတ်လ ၂၃ ရက်စပြီး ဧပြီလ ၉  ရက်နေ့အထိ ၁၉ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို လေကြောင်းကနေလည်း (၁၅) ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရွှေကူ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူ့တို့တပ်သားတွေက ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှ မီးမရှို့ဘူးလို့ အရင်က ငြင်းဆိုထားဖူးပါတယ်။

စစ်ကောင်စီရဲ့ ဧပြီလ ၉ ရက်နေ့ သတင်းမှာတော့ မတ်လ ၂၃ ရက်ကနေ ဧပြီလ ၈ ရက်အထိ ရွှေကူမြို့နယ်မှာ တိုက်ပွဲပေါင်း (၂၁) ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KIA နဲ့ PDF တွေက အဲဒီဒေသကို ခြေကုတ်ယူပြီး စစ်ကိုင်းတိုင်းကို လက်နက်ခဲယမ်း ထောက်ပံ့တာ၊ သစ်မှောင်ခို ထုတ်နေတာတွေ ရှိတယ်လို့လည်း စစ်ကောင်စီရဲ့သတင်းမှာ စွပ်စွဲရေးထားပါတယ်။

တိုက်ပွဲစဖြစ်ကတည်းက ရွှေကူအရှေ့ဘက်ခြမ်းရွာ ၁၂ ရွာက ဒေသခံထောင်ချီ မြို့ပေါ်နဲ့ တောတောင်တွေဆီ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မတ်လကုန်ပိုင်းကစတင်ပြီး ရွှေကူမြို့နယ်သာမက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် မြို့နယ်တွေဖြစ်တဲ့ အင်းတော်၊ ဗန်းမောက်၊ ကသာမြို့က ရွာတွေကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်၊ မတ်လအတွင်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးသူ (၁၃ဝဝ) ကျော်ရှိခဲ့ကြောင်း UNOCHA အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ပေါက်ကွဲမှုများ အပါအဝင် ပဋိပက္ခများကြောင့် ကချင်ပြည်နယ်ရှိ ဖားကန့်မြို့၊ မိုးညှင်းမြို့နယ်၊ ရွှေကူမြို့ နှင့် ဆွမ်ပရာဘွမ်မြို့များတွင်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ တပ်တွေရဲ့ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၅၅,၄၈၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ယခုအခါ ကရင်ပြည်နယ် မြဝတီ ၊ကော့ကရိတ် ၊ရွှေကုက္ကိုလ် ၊ စစ်ကိုင်းတိုင်းတွင် အင်းတော် ၊ထီးချိုင့် စသောဒေသများ ၊ ရှမ်းပြည်နယ်တွင် နောင်ချိုမြို့နယ် ၊ ချင်းပြည်နယ်တွင် မင်းတပ် ၊ဖလမ်း ၊ဟားခါး မြို့နယ် ၊ ကရင်နီပြည်နယ်တွင်ဒီးမော့ဆိုမြို့နယ် ၊ကချင်ပြည်နယ်တွင် ရွှေကူမြို့နယ်၊တနသာ်ရီ တိုင်းတွင် ပုလောမြို့နယ်၊မကွေးတိုင်တွင် ယောနယ်  စသောဒေသများတွင် စစ်ကောင်စီတပ်၊BGF နဲ့ ပျူစောထီးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ဒေသခံကာကွယ်ရေးတပ်များ ၊PDF များက ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly